Supra နဲ့ Z 4 တို့လို Sports ကားတွေကစလို့ စတင်ပူးပေါင်းလုပ်ကိုင် နေကြတဲ့ ကားကုမ္ပဏီကြီး ၂ ခုဖြစ်တဲ့ BMW နဲ့ Toyota တို့ကတော့ အခုဆိုရင် ဒီထက် ပိုလေးနက် အရေးပါတဲ့ ပူးပေါင်းမှုတွေမှာ လုပ်ဆောင် လာတော့မှာ ဖြစ်ပါတယ်။ အဆိုပါ ပူးပေါင်းမှု အသစ်ကတော့ လာမယ့် ၂၀၂၅ ကစလို့ ဟိုက်ဒရိုဂျင် Fuel Cell ကားသစ်တွေကို အများအပြား စတင် ထုတ်လုပ်တော့မှာပဲ ဖြစ်ပါတယ်။ BMW ရဲ့ အရောင်းပိုင်း ခေါင်းဆောင် ဖြစ်သူ Pieter Nota က‌ လည်း ဒီ သတင်းကို Nikkei Asia နဲ့ သတင်းအင်တာဗျူးမှာ အတည်ပြုပေးခဲ့ ပါတယ်။ Nota ကတော့ အဆိုပါ ကားသစ် တွေ အကြောင်းအသေးစိတ် မပြောထားသေးပေမယ့် လည်း သေချာတာကတော့ BMW ရဲ့ ဟိုက်ဒရိုဂျင်ကားတွေဟာ ခပ်ကြီးကြီး SUV တွေ ဖြစ်လာမယ်လို့တော့ ဆိုခဲ့တာဖြစ်ပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရတော့ BMW အနေနဲ့ X7 ကား တန်းထဲမှာ လည်း ဟိုက်ဒရိုဂျင် မျိုးကွဲ X7 ကား တစ်စီးကို မိတ်ဆက် လာနိုင်သေးတယ်လို့ ဆိုနေကြတာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ဒါပေမယ့်လည်း BMW ရဲ့ ဟိုက်ဒရိုဂျင် ကားသစ်တွေကို မြင်ရဖို့ လာမယ့် ၂၀၂၅ အလွန်အထိ ၃ နှစ် လောက် စောင့်ဆိုင်းစရာ မလိုတော့ပါဘူး။ လက်ရှိမှာ iX5 Hydrogen Concept ကားကို မနှစ်က ကျင်းပခဲ့တဲ့ မြူးနစ် ကားပြပွဲကြီးထဲမှာ ချပြခဲ့သလို လာမယ့်နှစ် နှောင်းပိုင်းလောက်ကစလို့ အရေအတွက် အကန့်အသတ်နဲ့ စတင်မြင်တွေ့ ရတော့မှာပါ။ တစ်ချိန် တည်းမှာပဲ သာမန် အင်ဂျင်သုံး ကားတွေနဲ့ လျှပ်စစ်ကားတွေကို ပါ BMW တို့ ဆက်လက် ထုတ်လုပ်နေဆဲ ဖြစ်တာကြောင့် အခုလိုမျိုး ဟိုက်ဒရိုဂျင် ကားတွေဘက်မှာလည်း ရင်းနှီးမြုပ်နှံမှု အတွက် ပြန်လည် လည်ပတ် လာနိုင်ဉီးမှာ ဖြစ်ပါတယ်။ လက်ရှိ ကားလောကမှာတော့ လျှပ်စစ်ကားတွေ ပေါများလာတယ် ဆိုပေမယ့် လိုအပ်တဲ့ အခြေခံ အဆောက်အဦတွေက ဈေးကွက် အတော်များများမှာ ကန့်သတ်ချက် ရှိနေသေးကာ ဟိုက်ဒရိုဂျင် စွမ်းအင် ကားတွေ အတွက်ဆိုရင်တော့ အခြေခံ အဆောက်အဦတောင် မရှိသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း BMW ကတော့ လာမယ့် ၂၀၃၀ အရောက်မှာ Mini နဲ့ Rolls-Royce Brand တွေ အပါအဝင် ကား အရောင်းအားလုံးရဲ့ ၅၀% ကို လျှပ်စစ် ကားတွေ ဖြစ်လာဖို့ အတွက် ပစ်မှတ်ထားထားတာလည်း ဖြစ်ပါတယ်။

Photo Credit: motor 1.com

လက်ရှိ iX 5 Hydrogen ကားရဲ့ အချက်အလက်တွေကို သေချာမသိရသေးပေမယ့်လည်း Concept တုန်းကတော့ 168 hp အထိ စွမ်းဆောင်ထားနိုင်တာပါ။ ကားရဲ့ Range ပမာဏ ကိုလည်း မသိထားရသေးပေ မယ့် ၆ ကီလိုဂရမ် စီ ဆံ့မယ့် ဟိုက်ဒရိုဂျင် ၂ ကန်ပါမယ်လို့ သိရပါတယ်။ တကယ်သာ ဆိုရင်တော့ ကားရဲ့အဆုံးစွန် စွမ်းဆောင်ရည်က 369 hp အထိ ရှိနိုင်ပေမယ့် BMW ကတော့ စွမ်းဆောင်ရည်ပိုင်းထက် စွမ်းအင် ချွေတာ နိုင်မယ့် အပိုင်းကိုပဲ ပိုပြီးအားစိုက် ထားခဲ့ ပုံရပါတယ်။ Toyota ဘက်ကလည်း ဟိုက်ဒရိုဂျင် နည်းပညာနဲ့ ပတ်သက်လို့ သမိုင်းကြောင်း ကောင်းကောင်း ရှိထားတာ ဖြစ်တာကြောင့် BMW တို့ကလည်း ပူးပေါင်းဖြစ်တာမို့ သိပ်တော့ မဆန်းကြယ်ပါဘူး။ Toyota က အဆိုပါ နည်းပညာကို ၁၉၉၂ ခုနှစ် ကတည်းကကို စတင် စမ်းသပ်နေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၅ ကတည်းက ဟိုက်ဒရိုဂျင် သုံး Mirai ကားကို အရေ အတွက် အများအပြားနဲ့ကို ထုတ်လုပ်ရောင်းချ နိုင်ခဲ့ပြီးပါပြီ။ အဆိုပါ ကားကလည်း ပြီးခဲ့တဲ့ ၂၀၂၁ တုန်းကမှ သိသိသာသာ တိုးတက်လာတဲ့ ဒုတိယမြောက် မျိုးဆက်ကားတစ်စီး အနေနဲ့ပါ ထွက်လာခဲ့သေးတာ ဖြစ် ပါတယ်။ အခုဆိုရင်တော့ ဟိုက်ဒရိုဂျင်အပြင် BMW နဲ့ Toyota တို့ရဲ့ တစ်ခြား ပူးပေါင်းလုပ်ဆောင် နေတဲ့ အပိုင်းတွေလည်း ရှိနေသေးတယ် ဆိုတဲ့ သတင်းတွေကြောင့် ကုမ္ပဏီ ၂ ခုကို သေချာ စောင့်ကြည့် ရတော့ မှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com