Bentley ရဲ့ 2023 Model Bentayga Hybrid ကားအတွက်ကတော့ ပိုကောင်းတာတွေ ချပြပေးဖို့ ရှိနေဆဲပါပဲ။ ကုမ္ပဏီ အနေနဲ့ သူတို့ရဲ့ Hybrid SUV ကားကို ပိုကောင်းတဲ့ စွမ်းဆောင်ရည် ၊ အနည်းငယ် ပိုများ လာတဲ့ Range တွေ နဲ့ ပိုလှတဲ့ Trim ၂ ခု တို့နဲ့ အတူ အဆင့်မြှင့်တင် ပေးလိုက်ပြန်တာ ဖြစ်ပါတယ်။ အဆိုပါ Trim အသစ် ၂ မျိုးလုံး ကလည်း ယခင်တုန်းက ဂတ်စ် သီးသန့် ကားမော်ဒယ်မှာကတည်းက နာမည်ရခဲ့ တဲ့ Trim တွေကို ပြန်လည် ယူဆောင်လာ ပေးတာပါ။ ကားသစ် ရဲ့ အင်ဂျင်ပိုင်းကတော့ မနှစ်ကအတိုင်း Turbocharged 3.0 Liter V6 Hybrid Engine ကိုပဲ 100 kW လျှပ်စစ် မော်တာနဲ့ တွဲသုံးပေးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပိုကောင်းသွားတဲ့ တစ်ချက် က‌ မနှစ်က ကားဟောင်း ရဲ့ 13 kWh Battery နေရာမှာ 18 kWh Battery ကို မြှင့်တင်အစားထိုး ပေးလိုက်တာ ဖြစ်ပြီး ကားရဲ့ Range ကိုပါ မြှင့်ပေးလိုက် နိုင်ပါ တော့တယ်။ ယခင်က တစ်ခါ အားသွင်းထားရင် လျှပ်စစ်သီးသန့်နဲ့ ၂၅ မိုင်ပဲ မောင်းနိုင်ပေမယ့် အခုနှစ် ကားမော်ဒယ် အသစ်ကတော့ ၂၇ မိုင်အထိ မောင်းနိုင်ကာ အနည်းငယ် တိုးတက်လာတယ်လို့ ဆိုနိုင်ပါတယ်။

Photo Credit: motor 1.com

ဒါပေမယ့်ကားရဲ့ အင်ဂျင်စွမ်းဆောင်ရည် ပိုင်းတွေမှာတော့ မနှစ်က ကားဟောင်းထက် hp ပိုင်း ၆% လောက် ပိုကောင်းလာတာ ဖြစ်ပြီး မနှစ်က 443 hp နဲ့ 516 lb-ft Torque အထိ ရခဲ့တာ ကို ပဲ အခုနှစ် မှာ 456 hp နဲ့ Torque အပိုင်းကတော့ ၁၅% လောက် ပိုကောင်းလာတာတွေ့ရမှာပါ။ ပိုကောင်းလာတဲ့ စွမ်းဆောင်ရည်တွေ အပြင် ရွေးချယ် စရာ အသစ်နှစ်မျိုးအဖြစ် ထည့်ပေးလိုက်တဲ့ Trim တွေကတော့ S နဲ့ Azure တို့ပဲ ဖြစ်ပါတယ်။ Hybrid S Trim အသစ်ကတော့ အမြင်ပိုင်းအရရော စွမ်းဆောင်ရည်ပိုင်းအရပါ ပိုပြီး Aggressive ဆန်လာပါတယ်။ Suspension ပိုင်းတွေကလည်း ပိုပြီး ကျစ်ကျစ်လစ်လစ် ရှိလာခဲ့ပြီး Sport Mode မှာဆိုရင် Traction Control တွေကအစ ပိုကောင်းလာခဲ့တာ တွေ့ရမှာပါ။ ဒါ့အပြင် ကားကို ပိုအနှစ်ကျစေမယ့် အိတ်ဇောအသစ်ကိုလည်း သုံးပေးထားပြီး ယခင်ခပ်တောက်တောက် အနက်ရောင် Line တွေ အစား လည်း Standard Blackline Package ကို အစားထိုး ပေးလာ ခဲ့ပါတယ်။

Photo Credit: motor 1.com

နောက်တစ်မျိုးဖြစ်တဲ့ Bentayga Hybrid Azure Trim အသစ်ကတော့ Sport ဆန်ဆန်ကိုမှ ဇိမ်ခံအရသာ ပိုရ‌အောင် ပေါင်းထည့် ဖန်တီးပေးထားတဲ့ Trim ဖြစ်ပါတယ်။ အရှေ့ဘက် ထိုင်ခုံတွေ အတွက်ရလာတဲ့ Comfort Package မှာ ဆိုရင် ပုံစံ ၂၂ မျိုး အထိကို ချိန်ညှိလို့ရပြီး ၊ အပူပေးစနစ်၊ လေသန့်စင်စနစ်နဲ့ Trim အတွက်သီးသန့် စိန်ပွင့်ပုံစံ အကွက် လေးတွေကိုလည်း လယ်သာသားနဲ့ ပါဝင်လာမှာပါ။ ဝယ်ယူသူတွေက တော့ လယ်သာအရောင် ၁၅ မျိုး အထိ ရွေးချယ်နိုင်ပြီး သီးသန့်ဆန်တဲ့ Dark Walnut ၊ Crown-Cut Walnut နဲ့ Koa လို့ အမည်ပေးထားတဲ့ Wood Trim တွေ ကိုလည်း အားဖြည့် နိုင်ပါသေးတယ်။ အဆိုပါ Trim အသစ် ၂ မျိုး လုံးကိုတော့ 2023 Model အသစ်တွေ ဈေးကွက်ထဲ ရောက်လာနိုင်မယ့် လာမယ့် လပိုင်းတွေမှာတင် တစ်ပြိုင်နက်ထဲ မြင်ရနိုင်ပြီး ဈေးနှုန်းအတိအကျ တွေတော့ မသိရသေးတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com