လျှပ်စစ်ကားလောက တစ်ခေတ်ဆန်းဖို့အတွက်ကို ရောက်လာခဲ့ပြီဖြစ်တာကြောင့် ကားကုမ္ပဏီပေါင်းစုံကလည်း နောက်ဆုံးပေါ် ဘက်ထရီ နည်းပညာတွေအတွက် နည်းလမ်းပေါင်းစုံသုံးပြီး ကြိုးစားနေကြပြီ ဖြစ်ပါတယ်။ မကြာသေးမီကပဲ နာမည်ကြီးကုမ္ပဏီတွေရဲ့ပူးပေါင်းအဖွဲ့ ဖြစ်တဲ့ Renault-Nissan-Mitsubishi တို့ ကလည်း လျှပ်စစ်ကားလောကထဲ ဝင်ရောက်လာဖို့ အတွက် ဒေါ်လာ ၂၃ ဘီလီယံ အထိ ရင်းနှီး မြုပ်နှံမယ်လို့ ကြေညာလိုက် ပါတယ်။ အခုလို ကုမ္ပဏီကြီးတွေက အစ ငွေကြေးအလုံးအရင်းနဲ့ ဝင်လာကြပြီဖြစ်လို့ ကျန်တဲ့ကုမ္ပဏီ အသေး လေး တွေ အဖို့ရော ဘယ်လို ထွက်လာကြမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းလာ နေပါတယ်။ အဆိုပါ ဈေးကွက်ထဲမှာ တော့ ၂၀၀၉ ခုနှစ် ကတည်းက စတင်တည်ထောင်ခဲ့တဲ့ Briggs Automotive Company BAC က အင်္ဂလန် ၊ လီဗာပူး မြို့ အခြေစိုက် ကုမ္ပဏီ အသေး လေး တစ်ခုအဖြစ် ပါဝင်လာပါတယ်။ လက်ရှိမှာတော့ အဆိုပါ ကုမ္ပဏီက တစ်ယောက်စီး Sports Car သေးလေးကိုပဲ ထုတ်လုပ် ထားပါ သေးတယ်။ ကုမ္ပဏီ ရဲ့ မကြာသေးမီက ကြေညာချက် ထဲမှာတော့ သူတို့ အနေနဲ့နဲ့လည်း ဈေးကွက်ကို အမှီလိုက်ဖို့ ကြိုးစားမှာ ဖြစ်ပြီး အနာဂါတ် Sports Car တွေမှာ လည်း ဟိုက်ဒရိုဂျင် နည်းပညာကို သုံးနိုင်ဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ BAC က သူတို့ရဲ့ တစ်စီးတည်းသော Sports Car လေးကို Virtech ဆိုတဲ့ ဟိုက်ဒရိုဂျင် နည်းပညာ ကုမ္ပဏီ တစ်ခုနဲ့ ပူးပေါင်းပြီး ကြိုးစား ပြင်ဆင်နေပါတယ်။ အဆိုပါ ကုမ္ပဏီ ၂ ခု ပေါင်းကတော့ လာမယ့် ၂၀၃၀ မှာ ကာဗွန်လုံးဝ ကင်းစင်မယ့် ကားဈေး ကွက် ဖြစ်အောင် ရည်မှန်း ပြင်ဆင်နေပြီး ဟိုက်ဒရိုဂျင်က သူတို့အတွက် အဓိက ဖြစ်ပါတယ်။ ဒါ့အပြင် BAC အနေနဲ့ ကလည်း Mono Fuel Cell လျှပ်စစ်ကားတွေ ကိုပါ နောက်ပိုင်းမှာ ထုတ်လုပ် ပေးလာမှာဖြစ်ပြီး ယာဉ်မောင်းနှင်နိုင်မှု အတွေ့အကြုံသစ်တွေကိုလည်း ပေး သွားနိုင်မယ်လို့ သိရပါတယ်။ Viritech ကတော့ Niche Vehicle Network Feasibility Study Grant ဆိုတဲ့ Funding တစ်မျိုးကို ရထားပြီး နောက်ပိုင်းမှာ အခုလို ကားတွေအတွက် ဟိုက်ဒရိုဂျင် စွမ်းအင်သုံးနိုင် မသုံးနိုင်ကို ဆက်လက် လေ့လာနိုင်မှာ ဖြစ်ပါတယ်။ BAC ကတော့ အဆိုပါ ကုမ္ပဏီရဲ့ အဓိက နည်းပညာပိုင်းတွေမှာ ဆိုရင် ဟိုက်ဒရိုဂျင် စွမ်းအင်မျှဝေ သုံးစွဲမှုစနစ် ၊ Pressure Vessel တွေ တည် ဆောက်မှု စနစ်နဲ့ ပေါ့ပါးတဲ့စွမ်းအင် သိမ်းဆည်းမှုတွေက အဓိကကျတယ်လို့ ဖော်ပြထားပါတယ်။ အဓိက ကတော့ အနာဂါတ်အတွက် စွမ်းအင်သုံးစွဲမှုတွေထဲမှာဆိုရင် မောင်းနှင်ရတဲ့ အတွေ့အကြုံကို ပိုကောင်း အောင် လုပ်ဆောင်ချင်တာကြောင့် စွမ်းအင် ထည့်သွင်းရမှု အပိုင်းမှာ ပိုပြီး ပေါ့ပါးနေစေချင်တာ ဖြစ်ပါတယ်။ BAC ကုမ္ပဏီ ရဲ့ အဓိက လိုအပ်ချက်ကလည်း ပေါ့ပါးတဲ့ ကားတွေ ဖန်တီးဖို့ပါပဲ။
အခုလို ပူးပေါင်းလုပ်ဆောင်ရတဲ့ အတွက် ဝမ်းသာမိပြီး တကယ်တမ်းနည်းပညာပိုင်းဟာ အမြဲတမ်းရှေ့ရောက် နေတတ်တာကြောင့် နည်း ပညာအသစ် အဆန်းတွေကိုလည်း ရှာဖွေရမှာဖြစ်တယ်လို့ BAC ကို ပူးတွဲတည်ထောင်သူ Neill Briggs က ဆိုထားပါတယ်။ အထူးသဖြင့် သူတို့ရဲ့ အနာဂါတ် ကားတွေဟာ ပတ်ဝန်းကျင် ညစ်ညမ်းမှု လုံးဝမရှိစေပဲ ၊ကားကလည်း လုံးဝကို ပေါ့ပါးနေတာ မျိုးတွေ ထူးထူးခြားခြား ခံစားရစေမယ်လို့ သိရပါတယ်။ လက်ရှိကားလောကထဲမှာတော့ ဘက်ထရီလျှပ်စစ်ကားအပိုင်းကို ပြုံတိုးနေကြပြီး ဟိုက်ဒရိုဂျင် နည်းပညာ ကို ဆန်းသစ်နေတဲ့ သူတွေက လက်ချိုးရေလို့ ရနေပါသေးတယ်။ ဒီထဲမှာမှ နာမည်အကြီးဆုံး ကားဆိုရင်တော့ Toyota ရဲ့ ဟိုက်ဒရိုဂျင်သုံး ကား Mirai ပဲ ရှိပါလိမ့်မယ်။ Fuel Cell အပိုင်းမှာ ဆိုရင်လည်း အမေရိကလို ဈေးကွက်မှာဆိုရင် Mirai အပါအဝင် သုံးမျိုးပဲ ရှိသေးပြီး Hyundai Nexo Fuel Cell နဲ့ Honda Clarity Fuel Cell တို့လည်း ရှိနေတာကြောင့် အခု ကုမ္ပဏီရော အနာဂါတ်မှာ တကယ်အောင်မြင် လာမလား စောင့်ကြည့် ရတော့မှာ ဖြစ်ပါတယ်။
Ref: carbuzz.com