အနာဂါတ်ရဲ့ ယာဉ်သုံးစွဲမှုအကြောင်းတွေကို ခန့်မှန်းတွက်ချက် ပြောဆိုကြမယ် ဆိုရင်တော့ နာမည်ကြီး Audi တို့ရဲ့ လက်ရှိ လုပ်ဆောင်နေ မှုတွေကို ပစ်ပယ်ထားလို့ မရပါဘူး။ CEO ကိုယ်တိုင်ကို သူတို့အနေနဲ့ လာမယ့် ၂၀၄၀ အရောက်မှာ ပတ်ဝန်းကျင်ကို ထိခိုက်စေမယ့် ရုပ် ကြွင်းလောင်စာတွေ လုံးဝ မသုံးစွဲတော့ဘူးလို့ အာမခံ ထားကာ လက်ရှိမှာလည်း Brand က ICE သာမန် အင်ဂျင်တွေကို စတင် ဖယ်ထုတ် ဖို့အတွက် စီစဉ်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလောက်နဲ့တင် အားရနိုင်ပုံ မပေါက်သေးပဲ အခုဆိုရင်လည်း Q4 e-Tron ကားသစ်တွေမှာ Recycle လုပ်ထားတဲ့ မှန်ချပ်တွေကို ထည့်သွင်းသုံးစွဲ လာတော့မယ်လို့ သိရပါတယ်။ ထူးခြားတာကတော့ ကားကုမ္ပဏီ အများအပြားထံ ကနေ ကွဲကြေနေတဲ့ မှန်ကွဲ အပိုင်းအစတွေကို လိုက်လံရှာဖွေနေတာ ဖြစ်ပြီး အဆိုပါ မှန်ကွဲစတွေကနေပဲ ပတ်ဝန်းကျင်နဲ့ ကိုက်ညီမယ့် ကားတံခါး မှန်တွေအဖြစ် ပြန်လည်ဖန်တီးနိုင်ဖို့ လုပ်ဆောင် နေတာပါ။ အဆိုပါ လုပ်ငန်းမှာတော့ ပထမဆုံး အဆင့်အနေနဲ့ Volkswagen Group ကနေပြီး လုံးဝပြန်ပြင်လို့ မရတော့တဲ့ မှန်ကွဲစတွေကို စုဆောင်းပေးပြီး ၊ Audi ရဲ့ တွဲဖက် ဖြစ်တဲ့ Reiling Glas Recycling လုပ် ငန်းထံကို လွှဲပြောင်း ပေးမှာပါ။ အဆိုပါ အဆင့်မရောက်ခင်မှာပဲ အဆိုပါ မှန်တွေက စိစိညက်ညက်ကို ကြေနေရမှာဖြစ်ပြီး နောက်ဆုံးမှာ တော့ မှန်ကောင်းတစ်ချပ် ပြန်ရလာအောင် လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

အခု လုပ်ငန်းစဉ်ကြီး တစ်ခုလုံးမှာတော့ မှန်ကွဲစတွေထဲကမှ မှန်ကွဲစမဟုတ်တဲ့ အရာတွေဖြစ်တဲ့ အင်တာနာ အပိုင်းတွေ စတာတွေကို ဖယ် ထုတ်ခွဲခြားနိုင်ဖို့ သံလိုက်တွေ သုံးသွားမှာပါ။ ပုံမှန် အားဖြင့်တော့ အခုလို မှန်ကွဲစတွေ ကနေ ပြန်လည် ဖန်တီးလေ့ရှိတာက ပုလင်းတွေအ တွက်ပဲ ပြန်လုပ်တာ ဖြစ်ပေမယ့် အခု ကားတစ်စီးရဲ့ မှန်တစ်ချပ် အဖြစ် ပြန်လုပ်တာကတော့ တစ်မူကွဲပြား နေစေမှာပါ။ အခု နည်းပညာမှာ စိန်ခေါ်မှုတစ်ရပ်ကတော့ သာမန် မှန်ကွဲတွေနဲ့ လုပ်ထားတဲ့ ပုလင်းတွေထက် အခုကားမှန်တို့အကြား ကားမှန်ဆိုတာ အတိုက်အခိုက် ဒဏ်ပိုခံ ရနိုင်မယ့် မာကြောင်မှုမျိုးကို ပိုမိုလိုအပ်နေတာပါပဲ။ အစောဆုံး ရလာမယ့် မှန်ကွဲစတွေကိုတော့ ကုမ္ပဏီ ဘက်ကနေ မူရင်းရလာတဲ့ အခြေအနေတွေရယ်၊ အရောင်တွေရယ်ကို ကြည့်ပြီးခွဲခြားမှာ ဖြစ်ပါတယ်။ အစောပိုင်းမှာတော့ အမျိုးတူတဲ့မှန်ကွဲစတွေ ကနေတစ်ဆင့် ဖန်တီးမှာဖြစ်ပြီး ‌နောက်ပိုင်းမှသာ အခြားသော Quartz သဲတွေ ၊ မြေဖြူမှုန့် တွေလို တစ်ခြားပစ္စည်းတွေနဲ့ ပေါင်းစပ်ဖန်တီး ပေးမှာပဲ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

အဆိုပါ မှန်ကုမ္ပဏီရဲ့ Dr.Markus Obdenbusch ဆိုသူကတော့ အခုလိုမျိုး မှန်ကွဲတွေကနေ ကားမှန် အသစ်တွေ ပြန်လည် ဖန်တီးနိုင်မှာ ကတော့  တကယ်ကို အချိန်နဲ့ စွမ်းအင်ကုန် သက်သာနိုင်မယ့် နည်းပညာတစ်ခု ဖြစ်တယ်လို့ ဆိုထား ပါတယ်။ အခုဆိုရင်လည်း သူတို့ စက်ရုံရဲ့ ကျွမ်းကျင်သူတွေ ရှိရာကို ၁၀ပေ × ၂၀ ပေ ရှိတဲ့ မှန်ချပ်အကြီး တစ်ခုရဲ့ အစိတ်အပိုင်းတွေ ရောက်လာပြီ ဖြစ်ပြီး ကားမှန် တစ်စိတ် တစ်ပိုင်းအဖြစ် ပြန်လုပ်နိုင်ဖို့ ရှိနေခဲ့ပါပြီ။ အဆိုပါ လုပ်ငန်း အောင်မြင်ဖို့ အတွက်ကတော့ ကုမ္ပဏီ ၃ ခု အထိ ပူးပေါင်းသွားမှာ ဖြစ်ကာ တကယ်လို့သာ အဆင်ပြေခဲ့ မယ် ဆိုရင်တော့ Q 4 e-Tron ကားသစ်ထွက်လာတဲ့ အချိန်မှာ အတော်လေး အဆင်ပြေပြေ ပါလာနိုင်ပါတယ်။ အခြားနာမည်ကြီး Porsche ၊ Toyota တို့နဲ့ မတူတာကတော့ Audi ဟာ သူတို့ရဲ့ ကားတွေကို ပြန်လည်ပြည့်ဖြိုးမြဲ ၊ ပြန်သုံးလို့ရတဲ့ စွမ်းအင်တွေကအစ ပြောင်းသုံးပေးနေတာ ဖြစ်ပါတယ်။ မကြာသေးမီကပဲ ဟင်းသီးဟင်းရွက် ဆီကနေ ကာဗွန်ထုတ်လုပ်မှု နည်းပါးတဲ့ ယာဉ်သုံးဆီအဖြစ် ဖန်တီးဖို့ စမ်းသပ်ခဲ့ကြတာကြောင့်အခု မှန်ကွဲကနေ ပြန်ဖန်တီးတာကလည်း အတော်လေးတော့ စိတ်လှုပ်ရှားစရာ ကောင်းနေပြီ ဖြစ်ပါတယ်။

Ref: carbuzz.com