လက်ရှိ ဂျာမနီဈေးကွက်ထဲမှာ ဆိုရင်တော့ Brand New Audi RS6 Avant ကားဆိုတာဟာ € 127,000 အထိကို ဈေးရှိတဲ့ကားကောင်းတစ်စီး ဖြစ်ပါတယ်။ အခုလိုမျိုးကားကောင်း Super Wagon ကားတစ်စီးသာ ကြီးကြီးမားမား ထိခိုက်မိမယ် ဆိုရင်တော့ ကုန်ကျစရိတ်က သေချာပေါက်ကို ကြီးမား နေတော့မှာပါ။ အခု ဆိုရင်တော့ အဆိုပါကား အမျိုးအစားတစ်စီးက ယာဉ်မောင်းရဲ့ အမှားတစ်ချက်ကြောင့် ရေထဲဆင်းပြီး ရေသောက်ဆင်းခဲ့တဲ့အဖြစ် ဖြစ်သွားခဲ့ရပါပြီ။ အခု ရေထဲအထိ ကျသွားတဲ့ C8 ကားကတော့ ပြင်ဆင်စရိတ် အနေနဲ့ပဲ ဂဏန်း ခြောက်လုံးလောက် ရှိမယ့် ပမာဏ ဖြစ်နိုင် ပါတယ်။
အဆိုပါ ယာဉ်မတော်တဆမှုကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လ ၁၇ ရက်၊ ကြာသပတေးနေ့ မနက်ပိုင်းမှာ ဖြစ်ခဲ့ တာဖြစ်ပြီး ယာဉ်မောင်းရဲ့မတော်တဆအမှားတစ်ခုကြောင့် ဂျာမနီနိုင်ငံက Neckar ဆိုတဲ့ မြစ်ထဲကိုကားကို တစ်ဟုန်ထိုး ထိုးကျသွားခဲ့ရတာပါ။ မတော်တဆဖြစ်ခဲ့တဲ့နေရာကတော့ ဂျာမနီ နိုင်ငံတောင်ပိုင်းက Baden- Wurttemberg ခရိုင်ထဲမှာ ရှိတဲ့ Gundelsheim မြို့မှာပဲ ဖြစ်ပါတယ်။ အဆိုပါကားက မြစ်ထဲကိုထိုးကျပြီး အခက် အခဲ ဖြစ်နေတာကိုတော့ လမ်းသွားလမ်းလာ မျက်မြင်သက်သေတစ်ဦး ဖြစ်တဲ့ Maik Roth ဆိုသူ က ရေကြောင်းရဲတပ်ဖွဲ့ဆီ ချက်ချင်း အကြောင်းကြားပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မီးသတ်ဌာနလည်း အခင်းဖြစ်ပွားရာ နေရာကို ရောက်ရှိ လာခဲ့ပြီး RS6 ကားရဲ့ အစိတ်အပိုင်းတွေကို သေချာရှာဖွေ သိမ်းဆည်း ခဲ့ရပါတော့တယ်။ STIMME.tv ကနေ ထုတ်ဖော်ပြသလာတဲ့ အဆိုပါ ကား မတော်တဆမှုဆီကပုံရိပ် တွေအရ ဆိုရင်တော့ အဆိုပါ Avant ကားကို ရေထဲက ပြန်လည် ဆယ်ယူနိုင် ဖို့ကိုပဲ ရေကြောင်းရဲတပ်ဖွဲ့ရဲ့ သင်္ဘော ၊ ကရိန်းတို့နဲ့ ခက်ခက်ခဲခဲ ပြန်လည်ဆည်ယူ ခဲ့ရတာပဲ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ ရဲတပ်ဖွဲ့လည်း မြစ်ထဲက ပြန်လည် ဆယ်ယူလာခဲ့တဲ့ အဆိုပါ ကားအောက်ပိုင်းတွေကို က အစ ကျွမ်းကျင်သူတွေနဲ့ ပြန်လည် စစ်ဆေးခဲ့ရပါတော့တယ်။ တကယ်တမ်းမှာတော့ အဆိုပါ စွမ်းဆောင် ရည်မြင့် Audi ကားအသစ်မှာ နည်းပညာပိုင်းဆိုင်ရာ ဘယ်လို အမှားအယွင်းမှ ရှိမနေခဲ့ပဲ ယာဉ်မောင်းရဲ့ အပြစ်သာဖြစ်တယ် ဆိုတာ ကို ဖော်ထုတ်နိုင် ခဲ့ကြပါတယ်။ တကယ်တော့ ယာဉ်မောင်းကလည်း အဆိုပါ ကားကို ပါကင်ထိုးရုံထိုးတာ ဖြစ်ပြီး ကားကိုလှည့်အကွေ့ပြီးမှာ ရုတ်တရတ် ရေထဲကိုတဟုန်ထိုး ဆင်းချသွား တော့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် 591 hp အထိ စွမ်းဆောင်ရည်မြင့် ကားတစ်စီးကို လီဘာနဲ့ ဘရိတ်များ မှားနှင်းလိုက်မိလေသလားလို့ ခန့်မှန်းလို့တော့ ရနိုင်မှာပါ။ ဒါပေမယ့် ကံကောင်းတာက တော့ အဆိုပါ ၃၇ နှစ်အရွယ် ယာဉ်မောင်းအနေနဲ့ ရေထဲဆင်းသွားတဲ့ ကားထဲကကမ်းပေါ်ကို အန္တရာယ်ကင်း ကင်းနဲ့ ကိုယ်တိုင်ပဲပြန်တက်လာ နိုင်ခဲ့တာပါ။ သေချာတာကတော့ တကယ့်ကိုထိတ်လန့်စရာ အဖြစ်အပျက် တစ်ခုကို သူ့အနေနဲ့ ကြုံခဲ့ရတာဖြစ်ပြီး တစ်သက်လုံး စွဲသွားလောက်စရာ မှတ်ဉာဏ်ဆိုးကြီးတောင် ဖြစ်သွား လောက်ပါတယ်။ အခု ဆိုရင်တော့ နောက်ဆက်တွဲတွေ ကိုလည်း သိရအောင် ရဲတွေက စုံစမ်းစစ်ဆေးနေပြီ ဖြစ်ပြီးအဆိုပါကားကိုလည်း သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်ဝပ်ရှော့ဆီ ပြန်ပို့လိုက်ပြီ ဖြစ်တာကြောင့် ယခင် အကောင်းအတိုင်း ပြန်ရအောင် ပြုပြင်နိုင်ပါဦးမလား ဆိုတာကတော့ စောင့်ကြည့်ရတော့မှာပါ။
Ref: motor 1.com