Audi ကတော့ RS2 ကားကို စွမ်းဆောင်ရည်မြင့် Model အနေနဲ့ လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ် တွေဆီကတည်းက မိတ်ဆက်ထား ခဲ့တာပါ။ လက်ရှိ အချိန်အထိကို အဆိုပါ RS2 ကားလေးတွေ အများစုက စက်ရုံ ထုတ်ပေးထားတဲ့ အတိုင်း လမ်းပေါ်တွေ့နိုင်ဆဲ ဖြစ်ပေမယ့် အခုမြင်ရမယ့် ကားလေးကတော့ Abimelec Design ရဲ့အပြောင်းအလဲ အပြင်အဆင် အလန်းစားတွေကြောင့် အတော်လေး ကွဲပြားနေပါလိမ့်မယ်။ RWB ရဲ့ Porsche Design ကို မှီငြမ်းထားတဲ့ အဆိုပါ Body Kit အသစ်အရတော့ ကားကို လုံးဝဆန်းသစ် သွားစေတဲ့ အပြင် Ruby Stone Red ဆိုတဲ့ အရောင်နဲ့လည်း အရှေ့အနောက် ဘီးဖုံးတွေအထိကို ပြင်ဆင် ပေးထားတာ တွေ့ရမှာပါ။

Photo Credit: AllAutoExperts

ကားရဲ့ နောက်ထပ် နေရာအတော် များများမှာလည်း အပြောင်းအလဲတွေ အတော်လေး အသေးစိတ် ထပ်လုပ် ပေးထား ပြီး အသိသာဆုံးကတော့ ယခင်က အနက်ရောင်အနေနဲ့ မထင်မရှားရှိခဲ့တဲ့ Splitter ကို Aggressive ဆန်ဆန် ပုံပြောင်းပေးလိုက်တာပါပဲ။ ဒါတင်မကပဲ ကားဘီးတွေကိုလည်း Aftermarket Tuning ထဲက မှန်းပိုသိသာ စေမယ့် အနက်ရောင် Spoke တွေ ၊ Chrome Outer Lips တွေနဲ့ပြင်ဆင် ပေးလိုက်ပါတယ်။နောက်ထပ် ရွှေရောင် တံဆိပ် သီးသန့် အပြင်အဆင်လေးတွေကိုလည်း ကားမှာ သုံးပေးထားသေးတာကြောင့် ပိုပြီး လှပနေတာ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

တကယ်တမ်း နောက်ထပ် အရေးကြီးတာကတော့ Porsche ကနေ အဆင့်မြှင့်တင်ပေးထားတဲ့ အင်ဂျင် ပိုင်းပဲဖြစ်ပါတယ်။ နဂိုရှိထားတဲ့ 2.2 Liter အင်ဂျင်ကို ပိုကြီးတဲ့ Turbocharger ၊ Intercooler အသစ် ၊ Camshaft နဲ့ Electronic Control Unit အသစ်တို့ကိုပါ ပိုအားဖြည့်ပေးထားလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကားရဲ့ စွမ်းဆောင်ရည်ပိုင်းက 311 hp နဲ့ 302 lb-ft Torque လောက်အထိကို အံ့အားသင့် စရာ တိုးတက်လာခဲ့တာပါ။ အခု Audi RS2 ကား အတွက်ကိုလည်း Porsche ဘက်ကနေ ဘရိတ်တွေ ၊ ဘီးတွေနဲ့ အခြားသော Suspension ပိုင်းတွေပါ ထောက်ပံ့ ပေးထားတာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts