BMW X7 နဲ့ Mercedes-Benz GLS-Class လို ကားမျိုးတွေကို ထိပ်တိုက် ယှဉ်ပြိုင်နိုင်မယ့် Full-Size SUV အသစ် တစ်မျိုးကိုတော့ Audi တို့ ထုတ်လုပ်ဖို့ စတင်ပြင်ဆင် နေပြီပဲ ဖြစ်ပါတယ်။ တကယ်တော့ Audi ဆီကနေ အခု Q9 လို့ အမည်ရနိုင်တဲ့ ကားမျိုး ထွက်လာဖို့အတွက် အချိန်အတော်ကြာကတည်းက ခန့်မှန်းချက်တွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပြီး အခုဆိုရင်တော့ ပိုသေချာတဲ့ သတင်းတစ်ရပ် အနေနဲ့ အတည်ပြုလာနိုင် တာပါ။ Automotive News ရဲ့ ဖော်ပြချက်အရတော့ Audi ဟာ အခုလို ထိုင်ခုံ ၃ တန်းပါ Full-Size SUV ကို ၂၀၂၅ မှာ ထုတ်လုပ်မှာ ဖြစ်ကြောင်း အမေရိက ဈေးကွက်ရဲ့ အရောင်းကိုယ်စားလှယ်တွေထံ အသိပေး ခဲ့ပြီလို့ သိရပါတယ်။

Photo Credit: MotorAuthority

အဆိုပါ ကားသစ်မှာတော့ သာမန် Internal Combustion Engine ကိုပဲ သုံးထားဦးမယ် ဆိုတဲ့ သတင်းတွေကြောင့် ထွက်ပေါ်လာမယ့် အချိန်နဲ့ ယှဉ်ကြည့်မယ်ဆိုရင် Internal Combustion Engine တွေပါမယ့် နောက်ဆုံးသော Audi ကားတွေထဲက တစ်စီးဖြစ်လာဖို့ များနေပါပြီ။ အကြောင်းကတော့ ကုမ္ပဏီ အနေနဲ့ ၂၀၂၆ နောက်ပိုင်းက စလို့ လျှပ်စစ် ကားတွေချည်း သီးသန့် ထုတ်လုပ်တော့မှာ ဖြစ်တယ်လို့ တရားဝင်ဆုံး ဖြတ်ထားပြီးတာကြောင့် ဖြစ်ပါတယ်။ Audi အနေနဲ့ ကတော့ Q9 ဆိုတဲ့ ‌ကားမော်ဒယ် နာမည်ကို တရားဝင်မူပိုင်ခွင့် မှတ်ပုံတင်ထားပြီးပြီဖြစ်ကာ ပြီးခဲ့တဲ့ ၂၀၁၃ လောက်ကတည်းကကို Audi ရဲ့ ယခင် CEO ဖြစ်ခဲ့သူ Rupert Stadler ကိုယ်တိုင်က Brand အနေနဲ့လည်း Full-Size SUV တစ်စီး ကို ဖန်တီးချင်နေခဲ့တာ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား ခဲ့ဖူးပါတယ်။ အဆိုပါ အချိန်ကတည်းက ကိုပဲ ၎င်းက အနာဂါတ်မှာ SUV ကားတွေ အထူးသဖြင့် အခုလို Full-Size SUV ကားအကြီးစားတွေက ဈေးကွက် တစ်ခု အနေနဲ့ အတော်လေး နေရာရ ရေပန်းစားလာမှာဖြစ်ကြောင်း ကြိုတင် ခန့်မှန်းခဲ့ဖူးတာလည်း ဖြစ်ပါတယ်။

Photo Credit: MotorAuthority

တကယ်လည်း Full-Size SUV ကားကြီးတွေဟာ အခုအချိန်မှာ ဈေးကွက်ကောင်းကောင်း ရထားနေဆဲဖြစ်ပြီး အထူးသဖြင့် Audi ရဲ့ အဓိကဈေးကွက်တွေဖြစ်တဲ့ တရုတ်နဲ့ အမေရိက ဈေးကွက်တွေမှာ ပိုလို့တောင် ရောင်းကောင်းနေတာပါ။ ဒါပေမယ့်လည်း ထူးခြားတာက အဆိုပါ ဈေးကွက်အတွက် Audi မှာ ပြင်ဆင်ထားပြီးသား တစ်စီးမှကို ရှိ‌မနေခဲ့ သေးတာပါပဲ။ အခုလို ကားတန်းအတွက် Audi တို့ ပြင်ဆင်လာတော့မယ် ဆိုတာ သေချာသွားတဲ့ အပြင် ပြီးခဲ့တဲ့ ဧပြီ လလောက်ကတည်းက မြင်ခဲ့ရတဲ့ Urbansphere ဆိုတဲ့ Concept ကို ကြည့်မယ်ဆိုရင်တော့ Audi တို့က လျှပ်စစ်ကား ခေတ်သစ်ရောက်ရင် Minivan အပိုင်းကိုပါ အာရုံစိုက်လာဖို့ ရှိနေပြီဆိုတာ သေချာပေါက်မြင်တွေ့ နိုင်ပါတယ်။ တရုတ် ဈေးကွက်အတွက် ပိုရည်ရွယ် ဖန်တီးထားခဲ့တဲ့ အဆိုပါ Concept ကားကဆိုရင်တော့ ၂၁၇ လက်မ လောက် အထိကို ရှည်တာကြောင့် ယခင် အရွယ်အစား အလယ်အလတ်ရှိ Q7 ထက် ၁၇ လက်မလောက်ကို ပိုရှည် နေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ ကားကိုတော့ ထုတ်လုပ်လာဖို့ ဘာမှအတည်မပြုထားသေးတာ ကြောင့် ပိုနီးစပ်နေ မယ့် Q9 Full-Size SUV ကားကြီးကိုပဲ အရင်ဆုံး မျှော်လင့်ရတော့မှာ ဖြစ်ပါတယ်။

Ref: MotorAuthority