ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွက် ကားတွေရဲ့ နည်းပညာ ပိုင်းတွေကို လေ့လာကြည့်မယ် ဆိုရင်တော့ ဖုန်း တွေနဲ့ ကားနဲ့ ကြိုးမဲ့ ချိတ်ဆက်လာနိုင်တာတွေရယ် ၊ OTA Update တွေကနေတစ်ဆင့် ကားတွေကို အဆင့် မြှင့်တင်လာတာ တွေပါပဲ။ အနာဂါတ်ရဲ့ အဆင့်မြင့် နည်းပညာတွေနဲ့ ပတ်သက်လာရင်တော့ Audi ကလည်း ဘယ်တော့မှ ခေသူ မဟုတ်တာကြောင့် အခုဆိုရင် ကားအတွင်း ချိတ်ဆက်ဆောင်ရွက်မှုတွေ ကြားမှာ ပိုကောင်းစေဖို့ ခြေလှမ်းသစ် တစ်ရပ်ကို လှမ်းလိုက်ပြန်ပါပြီ။ အဲ့ဒါကတော့ နာမည်ကြီး မိုဘိုင်း အော်ပရေတာတစ်ခုဖြစ်တဲ့ Verizon နဲ့ ပူးပေါင်းကာ Audi ရဲ့ ကားတွေဆီကို 5G နည်းပညာတွေ ယူဆောင် လာဖို့ပဲ ဖြစ်ပါတယ်။ 5G နည်းပညာနဲ့ ဆိုရင်တော့ ယာဉ်မောင်း အတွက်ရော ၊ ခရီးသည်တွေ အတွက်ကိုပါ ပိုကောင်းတဲ့ အဆင့်မြင့် နည်းပညာတွေဆီ ယူဆောင် ပေးသွားနိုင် မှာဖြစ်ပေမယ့် ကားလောကထဲမှာတော့ အချိန်အနည်းငယ် ယူရဦးမယ့် နည်းလမ်းသစ်တစ်ရပ် ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၈ တုန်း ကတော့ တောင်ကိုရီးယား ကားကုမ္ပဏီ Kia ရဲ့ လျှပ်စစ်ကား Concept တစ်ခုမှာတော့ 5G စနစ်ပါလာ ခဲ့တာကြောင့် 5G စနစ်သုံး ကမ္ဘာ့ပထမဆုံး ကားတစ်စီး ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း နည်းပညာ ထိပ်တန်း ကားတစ်စီး ဖြစ်တဲ့ BMW iX ကားမှာ 5G စနစ်ကို ထောက်ပံ့ပေးလာနိုင် ခဲ့ပါတယ်။
တကယ်တော့ Audi က ကားအတွင်း ဝိုင်ဖိုင် နဲ့ 4G LTE စနစ်တွေကို စတင် ယူဆောင်လာပေးတဲ့ ကုမ္ပဏီ ဖြစ်ပြီး အဲ့ဒီ တုန်းကတော့ 2015 A3 Model မှာ စပါလာခဲ့တာ ဖြစ်ကာ အခု နောက်ပိုင်းမှာ ဆိုရင်လည်း ပိုကောင်းတဲ့ ခေတ်သစ် မျိုးဆက်သစ် ဆက်သွယ်ရေး နည်းပညာအသစ်တွေကို ယူဆောင်လာပေးဦးမှာ ဖြစ် တယ်လို့ Audi America ရဲ့ Product Planning ပိုင်းမှ Senior VP ဖြစ်သူ Filip Brabec က ပြောကြား ခဲ့ပါတယ်။ 5G စနစ် ဆိုတာကတော့ ပိုမို မြန်ဆန် ကောင်းမွန်တယ်ဆိုတာ သေချာပေမယ့် အနာဂါတ်မှာ Audi ကား ပိုင်ရှင်တွေအတွက် ဘယ်လိုမျိုး အပြောင်းအလဲတွေကို ယူဆောင်လာနိုင်မလဲ ဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းလို့ နေပါတယ်။ သေချာတဲ့ စိတ်ဝင်စားစရာ တစ်ချက်ကတော့ ကားအတွင်းမှာပဲ Video တွေ ကြည့်တာ ၊ Download ဆွဲတာတွေကို အရည်အသွေးမြင့်မြင့်နဲ့ ပိုမိုမြန်ဆန်စွာ လုပ်ဆောင်လာ နိုင်ပါလိမ့်မယ်။ ဒါ့အပြင် OTA Update တွေက နေတစ်ဆင့် ရလာမယ့် Firmware နဲ့ Software Update တွေကလည်း ယခင်ကထက် သိသိသာသာ မြန်ဆန်လာနိုင်သလို Infotainment အပိုင်း တွေ ၊ မြေပုံ စနစ် တွေ ကလည်း ပိုမို ကြည်လင်တဲ့ 3 D ပုံရိပ်တွေ တိုက်ရိုက် Video တွေ အဖြစ် ပြသပေးလာနိုင်ပါတယ်။
အဓိက ကောင်းကျိုးတစ်ရပ် ဖြစ်လာမှာကတော့ Vehicle To Everything ( C-V2X ) ဆိုတဲ့ နည်းပညာ ဖြစ်ပါတယ်။ အဆိုပါ နည်းပညာကိုတော့ အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်ထဲမှာ Audi တို့ စမ်းသပ်နေ ခဲ့တာ ဖြစ်ပြီး သတ်မှတ် ထားတဲ့ ယာဉ်တွေ အချင်းချင်း ကြားထဲမှာ အချက်အလက်တွေ ပေးပို့တာ ၊ သတိ ပေးတာမျိုးတွေက အစ ပြုလုပ်နိုင် နေပြီဖြစ်ပါတယ်။ အထူးသဖြင့် မီးပွိုင့် အခြေအနေတွေ ၊ လမ်းသွားလမ်း လာတွေရဲ့ မိုဘိုင်းဖုန်းတွေ အထိကို ချိတ်ဆက်ပြီး ပိုမို လုံခြုံစိတ်ချရတဲ့ သွားလာရေး စနစ်တွေကို ဖန်တီးနိုင် အောင် လုပ်ဆောင်ထားတဲ့နည်းပညာလည်း ဖြစ်ပါတယ်။ မောင်းသူမဲ့ စနစ်တွေပိုမိုများပြား တိုးတက်လာ တာ နဲ့အမျှ အခုလို ကား အချင်းချင်း ဆက်သွယ်ရေး စနစ် ကလည်း ပိုပိုပြီး အရေးတကြီး လိုအပ်လာတော့ မှာ ဖြစ်ကာ မှန်မှန်ကန်ကန် တုံ့ပြန်ဆောင်ရွက် နိုင်စွမ်း တွေရှိဖို့ အထိ လိုအပ်လာပြီ ဖြစ်ပါတယ်။ Verizon Business ရဲ့ CEO ဖြစ်သူ Tami Erwin ကတော့ Audi ကား ပိုင်ဆိုင်ထားသူတွေ အဖို့ မကြာမီမှာပဲ ကား အတွင်းက မိမိရဲ့ စမတ်ဖုန်းရော မိမိရဲ့ကားမှာကို 5G စနစ်နဲ့အတူ အရာရာ လျှင်မြန်စွာ ချိတ်ဆက်လာနိုင်မှာ ဖြစ်တယ်လို့ ဆိုလာပါတယ်။ အဆိုပါ 5G စနစ်ကိုတော့ အမေရိက ရဲ့ တစ်ချို့သော Audi Model တွေမှာ လာမယ့် ၂၀၂၄ မော်ဒယ် တွေကစလို့ စတင်ရရှိလာနိုင်ပြီး လျှပ်စစ် ကားသစ်တွေ ဖြစ်ကြတဲ့ Q4 e-Tron နဲ့ A 6 e-Tron တွေ မှာလည်း အခု နည်းပညာအသစ်ကို ဦးဦး ဖျားဖျားရရှိ လာနိုင်ဖို့ မျှော်လင့်ရပါတယ်။
Ref: carbuzz.com