Aston Martin တို့ကတော့ လာမယ့် ၂၀၃၀ ကစလို့ Plug-In Hybrid ကားတွေနဲ့ လျှပ်စစ် ကားသီးသန့် တွေပဲ ထုတ်လုပ် တော့မှာ ဖြစ်တယ်ဆိုပြီး သောကြာနေ့ကပဲ အတည်ပြုသွားခဲ့ပါတယ်။ ယခင်ကတည်းက Valhalla Supercar ကို အဆင့်မြှင့်တင် ထားမယ့် ကုမ္ပဏီ ရဲ့ Plug-In Hybrid ကား အဖြစ် လာမယ့် ၂၀၂၄ မှာ စတင် ထွက်ရှိလာမှာ ဖြစ်တယ် လို့ အတည်ပြုပြီးသား ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၅ အရောက်မှာ တော့ ပထမဆုံးသော သီးသန့်လျှပ်စစ်ကားကိုပါ ချပြ‌လာတော့မှာဖြစ်ပြီး ၂၀၂၆ အရောက်မှာတော့ လျှပ်စစ် ကားတွေ Lineup ထဲ စတင်ပါဝင်လာတော့မှာ ဖြစ်တယ် လို့ သိရပါတယ်။

Photo Credit: MotorAuthority

ကုမ္ပဏီ ရဲ့ အနာဂါတ် ရည်မှန်းချက် ကလည်း လျှပ်စစ်စွမ်းအင် အသုံး ပြုလာဖို့ပဲ ဖြစ်ပြီး Racing Green နဲ့ ပူးပေါင်း ကာ လာမယ့် ၂၀၃၀ ကစလို့ Aston Martin ရဲ့ စက်ရုံတွေကိုပါ ကာဗွန်ထုတ်လုပ်မှု လုံးဝမရှိတဲ့ စက်ရုံတွေ ဖြစ်လာအောင် ပြောင်းလဲတော့မှာပါ။ ဒါ့အပြင် လာမယ့် ၂၀၃၉ က စလို့လည်း ကုန်ကြမ်း ထောက်ပံ့ရေး လမ်းကြောင်း တစ်ခုလုံးကိုပါ သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီစေရမယ် ဆိုတဲ့ ရည်မှန်းချက် ပါ ထားရှိထားပါတယ်။ အထူးသဖြင့် Green Aluminum Alloy လို့ဆိုတဲ့ ပတ်ဝန်းကျင်နဲ့ လုံးဝ ကိုက်ညီနေ မယ့် သတ္တု ပစ္စည်းတွေကို အသုံးပြုမှာ ဖြစ်ကာ အဆိုပါ ပစ္စည်းဆိုရင် ၁၀၀ % ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် တွေနဲ့ ဆက်စပ် လုပ်ကိုင်နေတာ ဖြစ်ပြီး ကားအတွင်းပိုင်း ပစ္စည်း တွေကအစ ဖြစ်ပါတယ်။ လာမယ့် ၂၀၂၅ မှာ စထွက်လာတော့မယ့် လျှပ်စစ်ကားတွေ အတွက် အဆင်သင့် ဖြစ်အောင်လည်း ရည်ရွယ်ပြီး Aston Martin တို့ က Britishvolt ဆိုတဲ့ ကုမ္ပဏီနဲ့ ပူးပေါင်းကာ ဘက်ထရီ နည်းပညာအသစ်ကို ဖန်တီးဖို့ စီစဉ်နေ ခဲ့ပါတယ်။ ဒါတင်မကသေးပဲ မာစီးဒီးနဲ့ ပူးပေါင်း ပြီးတော့လည်း နည်းပညာတွေ ဖလှယ်ဖို့ ရှိနေသေးသလို လာမယ့် အနာဂါတ် Plug-In Hybrid တွေ ကိုလည်း ပူးပေါင်း ထုတ်လုပ်လာနိုင်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၀၂၁ ကတည်းကတော့ Aston Martin က သူတို့ရဲ့ လျှပ်စစ် Sports Car တွေနဲ့ SUV တွေကို ထုတ်လုပ် ပေးမှာ ဖြစ်တယ်လို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ CEO ဖြစ်သူ Tobias Moers ကိုယ်တိုင်ကလည်း Sports ကားသစ်တွေက လက်ရှိ Aston ရဲ့ တစ်ချို့ ကားတွေ နေရာထဲကို အစားထိုး ဝင်ရောက်လာမှာ ဖြစ် တယ်လို့ ဆိုထားပြီးသား ဖြစ်လို့ အနာဂါတ် Aston Martin လျှပ်စစ် ကားတွေက ဘယ်လို ဖြစ်လာမလဲ စောင့်ကြည့်ရတော့မှာပါ။

Photo Credit: MotorAuthority

ဒါပေမယ့်လည်း မနှစ်က အင်တာဗျူး အရတော့ CEO က သူစရောက် ကတည်းက ကတိပေးထားပြီး မလုပ် ဖြစ်သေးတာကို အရင်ဆုံး အကောင်အထည်ဖော်ဖို့ ရှိနေသေးတယ်လို့လည်း ပြောကြားထား ခဲ့ပါတယ်။ အထူးသဖြင့် Aston Martin ရဲ့ လျှပ်စစ်ကား ထုတ်လုပ်ရေးလမ်းကြောင်း အစက အမှားအယွင်း တွေရှိခဲ့ တာ ဖြစ်ပြီး Rapide E လို့ အမည်ပေးထားတဲ့ သူတို့ရဲ့ ပထမဆုံး EV က ထုတ်လုပ်တဲ့ အဆင့်ကိုတောင် မရောက်ခဲ့တာပါ။ LeEco ဆိုတဲ့ လုပ်ငန်း တစ်ခုနဲ့လည်း ပူးပေါင်းခဲ့တာ အဆင်မပြေခဲ့သလို Williams Advanced Engineering နဲ့လည်း နည်းပညာပိုင်း ဆက်တိုးတက်အောင် လုပ်ဖို့တွေ ရှိနေခဲ့ ပေမယ့် မအောင်မြင်ခဲ့တဲ့ Rapide E ကားမှာတင် ကုန်ကျစရိတ်တွေ များခဲ့ ရတာကြောင့် ရှေ့ဆက် ဘယ်လို အောင် မြင်အောင် လုပ်ပြမလဲဆိုတာ ကတော့ စိတ်ဝင်စား စရာပါပဲ။

Ref: MotorAuthortiy