လွန်ခဲ့တဲ့ ၁၉၁၃ ခုနှစ် ၊ ဇန်နဝါရီ လ ၁၅ ရက်နေ့မှာတော့ Lionel Martin နဲ့ Robert Bamford ဆိုသူ နှစ်ဦးကနေ နာမည်ကျော် Aston Martin ဆိုတဲ့ ကားကုမ္ပဏီကြီးကို စတင် အစပျိုးနိုင်ခဲ့ပါတယ်။ အဆိုပါ အချိန်ကစလို့ နှစ်ပေါင်း ၁၁၀ အထိ အကြာမှာတော့ လာမယ့်နှစ်တွေ အတွက်ကိုလည်း ရေရှည် Plan တွေ ကုမ္ပဏီဘက်က ဆက်လက် ချထား ပြီး ဖြစ်ပါတယ်။ အခုဆိုရင်လည်း သက်တမ်းရင့် ပြိုင်ကားတစ်စီးဖြစ်တဲ့ 1923 Razor Blade ကားပုံနဲ့ တွဲဖက်ပြီး လာမယ့် ၁၂ လ အတွင်း ချပြလာမယ့် အထူးထုတ် ကားမော်ဒယ် တစ်ရပ်ကို စတင်ကြေငြာလာခဲ့တာ တွေ့ရမှာပါ။ အဆိုပါ သီးသန့် ကားကိုတော့ အခုနှစ်ကုန်ပိုင်းလောက်မှာ မြင်ရဖို့ရှိနေပြီး ကားအကြောင်း အသေးစိတ်ကို ဘာမှ မချပြထား သေးပေမယ့်လည်း Valkyrie ဒါမှမဟုတ် တစ်ခြား ကားတစ်မျိုးမျိုးကို ‌အခြေခံ ဖန်တီးထားတာ မျိုးဖြစ်နိုင်ပါတယ်။ သေချာတာ တစ်ခုကတော့ ယခင်ကတည်းက အရေအတွက် အနည်းငယ်နဲ့ပဲ ထုတ်လုပ်ခဲ့တဲ့ Vulcan Victor လိုကားမျိုးတွေနဲ့တော့ သိသိသာသာကွဲတဲ့ ကားတစ်စီး ဖြစ်လာ နိုင်ပါတယ်။ 

Photo Credit: motor 1.com

အခု ကားပုံနဲ့ အတူ ကုမ္ပဏီဘက်က အာမခံ လာတာကတော့ အခုနှစ်ထဲမှာတင်ပဲ Aston Martin ဆီက တကယ့်ကို ဇိမ်ခံ အရသာအပြည့် ၊ စွမ်းဆောင်ရည် ကောင်းကောင်းနဲ့ မျိုးဆက်သစ် Sports ကားကို အမှတ်တရ ထုတ်လုပ် ပေးလာမယ် ဆိုတာပါပဲ။ တစ်ချိန်တည်း မှာပဲ အဆိုပါ ကားရဲ့ နာမည်ကိုလည်း မသိရသေးပေမယ့် ခန့်မှန်းချက်တွေ အရတော့ Valhalla လို့ အမည်ပေးလာနိုင်မယ် လို့လည်း သိရပါတယ်။ အဆိုပါ ကား နာမည်အတိုင်း ဆိုရင်တော့ မတ်လ ၂၀၁၉ ကတည်းက AM-RB 003 Concept အနေနဲ့ မြင်ဖူးထားခဲ့တဲ့ ကားဖြစ်နိုင်ပြီး Twin-Turbo 3.0 Liter အင်ဂျင် ပါခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ Twin-Turbo 4.0 Liter V8 အင်ဂျင်ကို ဆက်သုံးလာခဲ့ပြီး အခု ကားသစ် မှာတော့ Plug-In Hybrid Supercar တစ်စီးဖြစ်နိုင်ကာ 1,000 hp အထိကို စွမ်းဆောင် လာနိုင်ပါတယ်။ ဒီ အတိုင်းသာ ဆိုရင်လည်း သုည ကနေ ၆၂ မိုင် မြန်နှုန်း အတွက်ကို ၂.၅ စက္ကန့်ပဲ ကြာအောင် မောင်းရမှာဖြစ်ပြီး အမြင့်ဆုံး မြန်နှုန်း ကတော့ တစ်နာရီကို ၂၁၇ မိုင် နှုန်းအထိ ရှိမှာပါ။ 

Photo Credit: motor 1.com

 တကယ်သာ ဒီ နာမည်အတိုင်းနဲ့ ကားဆိုရင်တော့ Aston Martin တို့က အစီးရေ ၉၉၉ စီး အထိပဲ ထုတ်လာဖို့ ရည်ရွယ် ထားပြီး တစ်စီးလုံးကို ကာဗွန်ဖိုက်ဘာ သုံးကာ ၁,၅၅၀ ကီလို အထိကိုလည်း ကားရဲ့ အလေးချိန်ကိုလျှော့ကာ ပေါ့ပါး ‌သွားအောင် ဖန်တီးလာနိုင်ပါတယ်။ အင်ဂျင်ပိုင်းကတော့ သူ့ချည်းသပ်သပ် ဆိုရင်ကိုပဲ 800 hp အထိ စွမ်းဆောင် နိုင်တာဖြစ်ပြီး လျှပ်စစ် မော်တာကတော့ 200 hp အထက် လောက်အထိ ဖြစ်လာနိုင်ပါတယ်။ အခုကားအပြင် Aston Martin ရဲ့ သူတို့ရဲ့ နှစ် ၁၁၀ ပြည့် အထိမ်းအမှတ်ကို 2023 F 1 British Grand Prix ပြိုင်ပွဲမှာလည်း ဝင်ရောက်ဆင်နွှဲ ဦးမှာပါ။ ဒါတင်မကသေးပဲ Goodwood Festival Of Speed ပြပွဲ ၊ Pebble Beach Concours d’Elegance ပွဲကြီးတွေ အပြင် အခြားသော ထင်ရှားတဲ့ နိုင်ငံပေါင်းစုံက ပွဲတွေမှာလည်း Anniversary ကို ထူးထူးခြားခြား ဖန်တီးဦးမှာပါ။ ထူးခြားချက် တစ်ရပ်အနေနဲ့ကတော့ Aston Martin ကို ထူထောင်ပြီးကတည်းက နှစ်ပေါင်း ၁၁၀ အတွင်း အစီးရေပေါင်း ၁၁၀,၀၀၀ ကို နည်းနည်းလေးပဲ ကျော်အောင် ရောင်းထားတာကြောင့် အတော်လေး တိုက်ဆိုင်တယ်လို့ပဲ ဆိုရတော့မှာပါ။

Ref: motor 1.com