စီးပွားဖြစ် လျှပ်စစ်ကား ထုတ်လုပ်ရေး ကုမ္ပဏီသစ် တစ်ရပ်ဖြစ်တဲ့ Arrival ကတော့ သူတို့ အနေနဲ့ ကုန်ကျစရိတ်များတဲ့ သာမန် အိမ်စီးကားတွေနဲ့ ဘတ်စ်ကားတွေ စီစဉ်မှုအပေါ် ခေတ္တရပ်နားထားမှာဖြစ်ပြီး Van ကား အမျိုးအစားတွေ ထုတ်လုပ်ဖန်တီးဖို့ အတွက်ပဲ အာရုံ စိုက်သွားမယ်လို့ တရားဝင် ကြေညာလာခဲ့ပါတယ်။ Financial Times ရဲ့ သတင်းတွေ အရတော့ လန်ဒန် အခြေစိုက် အဆိုပါ ကုမ္ပဏီအသစ်က အခုလိုမျိုး ဘတ်စ်ကား ထုတ်လုပ်ဖို့ တွေမှာ ခေတ္တဆိုင်းငံ့ထားလိုက်တာကြောင့် ပို့ဆောင်ရေး ဝန်ဆောင်မှုပေးမယ့် အစီအစဉ်တွေလည်း ခဏတော့ ဆိုင်းငံ့ထားဦးမှာ ဖြစ်တယ်လို့သိရပါတယ်။ ဘတ်စ်တင် မဟုတ်ပဲ သာမန် အိမ်စီးကား လုပ်ငန်းကိုပါ ခေတ္တ ရပ်နားထားမှာ ဖြစ်ပေမယ့် ကုမ္ပဏီအနေနဲ့ ငွေကြေး ပြန်လည် လည်ပတ်မှု ရှိလာပြီ ဆိုတာနဲ့ ပြန်လည်စတင်သွားမှာ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ တကယ်တော့ ကားထုတ်လုပ်မယ့် အစီအစဉ်ဟာ Van ကားတွေနဲ့ ခရီးသည်တင် ဘတ်စ်တွေ ပြီးမှသာ ဖြစ်ပေမယ့်လည်း Prototype ကိုတော့မြင်ထားခဲ့ရပြီး ဖြစ်နေတာပါ။ ပြီးခဲ့တဲ့ ၂၀၂၁ နိုဝင်ဘာ တုန်းကပဲ Arrival တို့က သူတို့ရဲ့ ကားသစ် Prototype ကိုချပြခဲ့တာ ဖြစ်ကာ လာမယ့် ၂၀၂၃ နှောင်ပိုင်းလောက်မှာ ထုတ်လုပ်နိုင်မယ်လို့ ဆိုထားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ သတင်းအတိုင်းသာ ဆိုရင် တော့ အဆိုပါ ကားထုတ် လုပ်မှုလည်း သတ်မှတ်ထားတာထက် ပိုပြီး နောက်ကျသွားဖို့ ရှိနေပါပြီ။

Photo Credit: InsideEvs

ဒါတင်မကသေးပဲ အစောပိုင်း ပြင်ဆင်မှုတွေ ရှိထားပြီးဥရောပရဲ့ အသိအမှတ်ပြု လက်မှတ်ကိုပါ ပြီးခဲ့တဲ့ မေလ ကတည်းကရပြီး ဖြစ်တဲ့ ဘတ်စ်ကားထုတ်လုပ်မှုတွေ ကိုလည်းရပ်နားထားမှာ ဖြစ်တာကြောင့် ဖြစ်နိုင်ချေရှိတဲ့ ပို့ဆောင် ဆက်သွယ်ရေးဘတ်စ်ကား စမ်းသပ်မှုကိုလည်း ရွှေ့ဆိုင်းထားဖို့ ရှိတာ သေချာပါတယ်။ အခုလို အခြေအနေ တွေကတော့ ကုမ္ပဏီ ကနေ လတ်တလော ပြောင်းလဲအာရုံစိုက်လာမယ့် Van ကား ထုတ်လုပ်ရေးတွေကြောင့် ဖြစ်မယ်လို့ သိရပါတယ်။ အခုလို ဗျူဟာအပြောင်းအလဲ လုပ်ရခြင်းကတော့ မကြာသေးမီ ကမှ အလုပ်သမားတွေကို ငွေကြေး အဆင်မပြေမှုကြောင့် ၃ ပူံ တစ်ပုံလောက် အထိ လျှော့ချလိုက်ရတဲ့ Arrival ရဲ့ အခြေအနေနဲ့ ဆက်စပ်မှုတွေ ကောင်းကောင်း ရှိနိုင်ပါတယ်။ ဒါကြောင့် လတ်တလော ကုမ္ပဏီရဲ့ အဓိက အာရုံစိုက်မှုတွေကတော့ လာမယ့် ဆောင်းဦးလောက်မှာ စတင်ထုတ်လုပ်ချ ပြ လာ နိုင်တော့မယ့် လျှပ်စစ် Van ကားတွေဖြစ်လာ ခဲ့ပါပြီ။ လက်ရှိမှာတော့ အလုပ်အကိုင် နေရာပေါင်း ၈၀၀ လောက်က ကုမ္ပဏီမှာ မသေမချာ ဖြစ်နေသေးပြီး တစ်ကမ္ဘာလုံးရဲ့ ၂,၇၀၀ သော အလုပ်သမားတွေထဲက ပမာဏလည်းဖြစ်ပါတယ်။

Photo Credit: InsideEvs

ဒါပေမယ့် အခုလို အစီအစဉ် ပြောင်းလဲလိုက်တာက စီးပွားရေး အရ လက်တွေ့ကျတယ်လို့ ဆိုနိုင်ပြီး အခုပစ္စည်း ပို့တဲ့ Van ကား စီမံကိန်းသာ သူတို့ရဲ့ ကား ၃ မျိုးထဲမှာ အဆင့်မြင့်ဆုံးနဲ့ အအောင်မြင်နိုင်ဆုံးလို့လည်း ယူဆရတာကြောင့် ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကုမ္ပဏီ ရဲ့ Van ကားသစ် တွေကို အမှာစာပေါင်း ၂၀၀,၀၀၀ အထိ ရရှိထားပြီးဖြစ်ကာ အခုနှစ်ရဲ့ လာမယ့် တတိယ ၃ လပတ်ထဲမှာတင် ကားတွေ ပို့ဆောင်ပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ အခုကားတွေ ရောင်းချနိုင်ခြင်းကနေ SPAC နဲ့ ပူးပေါင်းထားတဲ့ ကုမ္ပဏီအဖြစ် ပြီးခဲ့တဲ့ ၂၀၂၁ မတ်လတုန်းက တရားဝင် ထွက်ပေါ်လာ ခဲ့တဲ့ လုပ်ငန်းတစ်ရပ်အဖို့ ကောင်းကောင်း ပြန်လည် လည်ပတ်တာကို ပြသနိုင်တော့မှာပါ။ အခုနှစ် အစောပိုင်းတုန်းကတော့ Arrival အနေနဲ့ အမေရိက က သူတို့ရဲ့ စက်ရုံအသစ်ကြီးကို ခန့်မှန်းထားတာ ထက် နောက်ကျပြီးမှ ဖွင့်လှစ်နိုင်မယ်လို့ သိထားရပြီး အခု Van ကားသစ်တွေကိုတော့ ယူကေ၊ Oxfordshire မှာရှိတဲ့ Bicester ကနေ စတင်ပို့ဆောင် ပေးသွားမှာ ဖြစ်ပါတယ်။ ကုမ္ပဏီကတော့ နောက်ပိုင်း ကားထုတ်လုပ်ရေးတွေမှာ သာမန် ကားစက်ရုံကြီးတွေလိုမျိုး ရင်းနှီးမြှုပ်နှံမှုကြီးတွေအစား တစ်နိုင်တစ်ပိုင် ထုတ်လုပ်နိုင်မယ့် အသေးစား စက်ရုံတွေ ဆောက်လုပ်သွားဖို့လည်း စီစဉ်နေပြန်ပါတယ်။ လက်ရှိမှာတော့ အခုလို ကားထုတ်လုပ်ရေးအပိုင်း တစ်ချို့ ခေတ္တ ရပ်နားတာနဲ့ ပတ်သက်ပြီး ကုမ္ပဏီ ဘက်ကနေ အသေးစိတ် ပြန်လည် မပြောထားသေးပေမယ့် ယခုနှစ် တစ်ဝက်စာ ငွေစာရင်းတွေ ရှင်းလင်းမယ့် လာမယ့် ဩဂုတ်လ ၁၁ ရက်နေ့မှာတော့ ကုမ္ပဏီ ဘက်က အသေးစိတ် အတည်ပြုတာတွေ ရှိလာနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Ref: InsideEvs