မကြာသေးမီကမှ ကြေညာထားတဲ့ Volkswagen ရဲ့ ID.Buzz ကားလေးတွေကိုတော့ အမေရိက ဈေးကွက် ထဲ ဝင်ဖို့ အနည်းငယ် နောက်ကျမယ် ဆိုပေမယ့် အဆိုပါ ကားကိုပဲ မောင်းသူမဲ့ စနစ်နဲ့ စမ်းသပ်မယ့် အစီအ စဉ်ကိုတော့ Argo AI က အမေရိကရဲ့ လမ်းမ တွေထက်ကို ယူဆောင်လာတော့မှာ ဖြစ်ပါတယ်။ အဆိုပါ Argo AI ကုမ္ပဏီကတော့ Ford နဲ့အတူ လက်တွဲနေပြီး VW တို့ကလည်း အဓိက ရှယ်ယာရှင်အဖြစ် ပါဝင် နေတာပါ။ ပြီးခဲ့တဲ့ ၂၀၂၁ နှစ်လယ်ပိုင်း လောက်တုန်းကတော့ အဆိုပါ ကားတွေနဲ့ပဲ မောင်းသူမဲ့ စနစ်ကို ဂျာမနီမှာ စတင် စမ်းသပ်နေခဲ့တာ ဖြစ်ပြီး အခုဆိုရင် တော့ တစ်ခြား နိုင်ငံတွေဆီကိုပါ ချဲ့ထွင်လာခဲ့တာပါ။ ဒါကြောင့် အခု ၂၀၂၃ မှာ အမေရိကရဲ့ လမ်းမတွေ ဆီကို စမ်းသပ်ဖို့ ရောက်ရှိလာတာ ဖြစ်ပါတယ်။ အဆိုပါ မောင်းသူမဲ့ ကားဝန်ဆောင်မှုတွေကို လာမယ့် ၂၀၂၅ မှာ စတင် နိုင်ဖို့ အတွက် Volkswagen ဘက်က ရည်ရွယ်ထားတာ ဖြစ်ပြီး ဂျာမနီနိုင်ငံ ဟန်းဘတ်မြို့မှာ ပထမဆုံး စတင်ဖို့လည်း ရည်မှန်းထားပါတယ်။ အဆိုပါ ဝန်ဆောင်မှုကတော့ မောင်းသူမဲ့ တက္ကစီဝန်ဆောင်မှု အနေနဲ့ စတင်မှာဖြစ်ပြီး ခရီးသည်တွေ တင် ဆောင်နိုင်မှာပါ။
Ford ဘက်ကတော့ သူတို့ရဲ့ ဝန်ဆောင်မှုပိုင်းတွေကို Argo AI နဲ့ အခု ၂၀၂၂ အစောပိုင်း လောက်မှာတင် စတင်နိုင်ဖို့ ရည်ရွယ်ထား ပြီးဖြစ်ပါတယ်။ Argo AI ရဲ့ မောင်းသူမဲ့စနစ်ကတော့ SAE Scale အရ ဆိုရင် Level 4 အဆင့် အထိကို ရှိတာ ဖြစ်ပါတယ်။ Level 4 အဆင့် ဆိုတာကတော့ တစ်ချို့ သတ်မှတ်နေရာတွေ မှာယာဉ်မောင်းဘက်က ဘယ်လိုမှ ထိန်းချုပ်စရာ မလိုတဲ့အထိ စွမ်းဆောင်ပေးနိုင်တာပါ။ တကယ်တော့ မောင်းသူမဲ့ အပိုင်းမှာ အမြင့်ဆုံး စွမ်းဆောင်ရည် အဖြစ် သတ်မှတ်ထားတာကတော့ Level 5 အဆင့်ဖြစ်ပြီး ဘယ်နေရာပဲ ဖြစ်ဖြစ် လူတစ်ယောက်ကို စိတ်ကြိုက် မောင်းနှင်ခိုင်းသလို မျိုးအထိ စွမ်းဆောင် နိုင်မှာပါ။
တစ်ချိန်တည်းမှာပဲ VW ကလည်း သူတို့ရဲ့ ကိုယ်ပိုင် မောင်းသူမဲ့စနစ် တစ်ခုကို တီထွင်နေပြီး Cariad Software ကို အသုံးပြုဖို့ ရည်ရွယ် ထားကာ Bosch ဆိုတဲ့ စနစ်ကိုတော့ သီးသန့်ကားတစ်ချို့ အတွက် ပြင်ဆင်နေပါတယ်။ အဆိုပါ စနစ်တွေ အကုန်လုံးကို VW ရဲ့ ကားတိုင်းမှာ ရနိုင်မှာဖြစ်ပေမယ့် အချိန် တစ်ခု တော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ လက်ရှိ ပြင်ပကားလောကရဲ့ မောင်းသူမဲ့ စနစ်တွေထဲမှာတော့ Level 3 အဆင့်ပဲ ရှိနေသေးပြီး ယာဉ်မောင်းက ထိန်းချူပ်ဖို့ လိုအပ်နေပါသေးတယ်။ Honda ကတော့ ၂၀၂၁ ကတည်းက Level 3 အဆင့် မောင်းသူမဲ့ ကားတွေကို ဂျပန်နိုင်ငံ လမ်းတွေထက်မှာ စတင် မိတ်ဆက် ပေးထားနိုင်ခဲ့ပြီ ဖြစ်ပြီးစနစ်ကတော့ မပြည့်စုံသေးပဲ တစ်ချို့ အရှိန်ပိုင်းတွေမှာ ဆိုရင် ထိန်းချုပ်ပေးဖို့ လိုနေ ပါသေးတယ်။ နာမည်ကြီး Mercedes-Benz တို့ကတော့ပိုကောင်းတဲ့ Level 3 အဆင့်တစ်ခုကို ဖော်ဆောင် နေတယ်လို့ သိရပြီး အခုနှစ်ထဲမှာတင် ဂျာမနီမှာ စတင်တော့မှာ ဖြစ်ကာ အမေရိက ဆီကိုတော့ နောက်ပိုင်း ရောက်ရှိလာနိုင်ပါသေးတယ်။
Ref: MotorAuthority