Argo AI ဆိုတာ ကတော့ နာမည်ကျော် Ford နဲ့ Volkswagen Group တို့ ရဲ့ ကျောထောက် နောက်ခံနဲ့ ဖွဲ့စည်းထားတဲ့ မောင်းသူမဲ့ နည်းပညာကုမ္ပဏီ အသစ်တစ်ခု ဖြစ်ပြီး ပြီးခဲ့တဲ့ မေလ အတွင်းကပဲ အဓိက မှတ်တိုင်တစ်ခုကိုတောင် စိုက်ထူနိုင်ခဲ့ပါတယ်။ အဲ့ဒါကတော့ ကုမ္ပဏီရဲ့ Prototype စမ်းသပ်ဆဲ မောင်းသူမဲ့  ကားအသစ်တွေကို အမေရိကန်မှာ ရှိတဲ့ မိုင်ယာမီနဲ့ အော်စတင် တို့မှာ စတင် မြင်တွေ့ရပြီဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ထူးခြားတာကတော့ အဆိုပါ မြို့တွေ ဟာ လမ်းကြောင်းတွေ အရမ်းထူထပ် ပိတ်ဆို့တဲ့အပြင် လမ်းအသုံး ပြုသူတွေနဲ့ စက်ဘီးဆိုင်ကယ် အသုံးပြုမှုတွေ များတဲ့ မြို့တွေလည်း ဖြစ်နေတာပါ။ မိုင်ယာမီ မှာ ဆိုရင်တော့ Argo AI အနေနဲ့ သူတို့ရဲ့ Lyft ဆိုတဲ့ ယာဉ်အုပ်စုနဲ့ အတူ မောင်းသူမဲ့ အတွက် ပြင်ဆင်ထားပါ တယ်။ အထူးသဖြင့် ဆောက်လုပ်ရေး လုပ်ငန်းတွေက သုံးပုံနှစ်ပုံလောက် နေရာ ယူထားဆဲ ရှုပ်ယှက်ခတ် နေတဲ့ မိုင်ယာမီ ကမ်းခြေဘက်မှာ ပြေးဆွဲမှုတွေ ပြုလုပ်ပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်လာတာ ဖြစ်ပါတယ်။ တစ်ခြား စမ်းသပ်နေတဲ့ အမေရိကရဲ့ မြို့တွေထဲမှာ ဆိုရင်တော့ ဝါရှင်တန် ၊ ပီစ်ဘတ်နဲ့ ပါလို အယ်လ်တိုတို့ အပြင် ဒက်ထရိုက် တို့လည်း ပါဝင်နေပါတယ်။ အမေရိကန် မှာတင်မကပဲ ဂျာမနီက မြူးနစ် နဲ့ ဟမ်းဘတ် တို့လို မြို့ကြီးတွေမှာပါ ကုမ္ပဏီက သူတို့ရဲ့ မောင်းသူမဲ့ ကားတွေကို စမ်းသပ်နေတာ ဖြစ်ပြီး အခုလို ကမ္ဘာ ပေါ်က နေရာ အနှံ့မှာ မောင်းနှင်စမ်းသပ် ခြင်းဖြင့်လည်း မတူညီတဲ့ လမ်းအနေအထားတွေနဲ့ မောင်းနှင်ပုံ တွေကို ကောင်းကောင်း သင်ယူနိုင်ဖို့ ရှိနေတာပါ။ ဒါကြောင့်လည်း နောက်ပိုင်းမှာ နေရာအစုံမှာ သုံးနိုင်တဲ့ အထိ စနစ်ကို ပို ချဲ့ထွင် ပေးသွားဖို့ အထောက်အကူ ဖြစ်လာမှာလည်း ဖြစ်ပါတယ်။

Argo AI ရဲ့ တည်ထောင်သူလည်းဖြစ် ၊ CEO လည်း ဖြစ်သူ Bryan Salesky ကတော့ ပထမဆုံး စတင် ခဲ့ ကတည်းကိုက မြို့ပေါင်းများစွာ ရဲ့ ခက်ခဲတဲ့ အပိုင်းတွေကိုချည်း ကြိုးစား ရင်ဆိုင်ခဲ့ကြတာ ဖြစ်ပြီး ဝယ်ယူ လိုသူတွေ လိုချင်နေတဲ့ ယုံကြည် စိတ်ချရမှုအနေအထား  တွေကိုလည်းရှေ့လျှောက် ပြသနိုင်ဖို့ အတွက် အသိဉာဏ် နည်းပညာပိုင်းတွေ ကိုပါ ဆက်ပြီး တိုးတက်အောင် ပြုလုပ်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုထားခဲ့ ပါတယ်။ အဆိုပါ စနစ်ကတော့ Software တင် မကပဲ Hardware ပိုင်းနဲ့ပါ ပေါင်းစပ် ဖန်တီးထားရတဲ့ လုံးဝ မောင်းသူမဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ အခုစနစ် ရဲ့ အဓိက အားသာချက် တစ်ရပ် ကတော့ အသုံး ပြုထားတဲ့ Lidar စနစ် တွေက ပေ ၁,၃၀၀ အကွာ လောက်က ပစ္စည်းတွေနဲ့ လူ တွေ ကားတွေ အကုန်လုံးကို တိတိကျ ကျ ထောက်လှမ်း ပေးနေနိုင်တာပဲ ဖြစ်ပါတယ်။ ဒါဟာ လက်ရှိ ဈေးကွက်ထဲက သာမန် Lidar Sensor တွေရဲ့ ထောက်လှမ်း နိုင်စွမ်းထက်ကို ပေ ၃၀၀ လောက် အထိ ပိုဝေးဝေး ထောက်လှမ်းနိုင် နေခဲ့တာဖြစ်ပြီး အဝေးပြေး လမ်းမတွေ အတွက် ပို အဆင်ပြေစေမှာလည်း ဖြစ်ပါတယ်။ ကားရဲ့စနစ်ကိုတော့ SAE စနစ်အရ Level 4 အထိရှိမယ်လို့ သတ်မှတ်ထားပြီး အဆိုပါ Level ကတော့ ကားတစ်စီးဟာ သတ်မှတ်ထားတဲ့ နေရာ မြေမျက်နှာ သွင်ပြင်တွေမှာ လူသားထိန်းချုပ်မှု လုံးဝမလိုပဲ ‌သွားလာနိုင်တဲ့စနစ် ဖြစ်ပါတယ်။ ဒါပေမယ့် အမြင့် ဆုံးဖြစ်တဲ့ Level 5 အဆင့် ကတော့ လူသားတွေ မောင်းနှင်တဲ့ အတိုင်း ဘယ်နေရာမဆို အလိုအ လျောက် မောင်းနှင်ပေး နိုင်တော့တာပါ။

Photo Credit: MotorAuthority

လက်ရှိ Argo AI က သူတို့ရဲ့ မောင်းသူမဲ့ ယာဉ်စနစ်တွေ စမ်းသပ်ရာမှာ Ford Escape Crossover ကား တွေနဲ့ Volkswagen ID.Buzz ‌Van ကားသစ်တွေ အသုံး ပြုနေပါတယ်။ ဒါကြောင့် ပထမဆုံးသော မောင်း သူမဲ့ Volkswagen ID.Buzz တွေကလည်းလာမယ့် ၂၀၂၃ ခုနှစ်မှာတင် အမေရိကရဲ့ မြို့တွေဆီကို ခြေဆန့် လာနိုင်တော့မှာပဲ ဖြစ်ပါတယ်။ Ford ကတော့ သူတို့ရဲ့ စီးပွားဖြစ် မောင်းသူမဲ့ စနစ်တွေမှာ Argo AI ရဲ့ မောင်းသူမဲ့ နည်းပညာကိုသုံးမယ် လို့ အခု ၂၀၂၂ အစောပိုင်း မှာ ပြောထားဖူးပေမယ့် ဘယ်နေရာတွေမှာ စမြင်ရမလဲ ဆိုတာတော့ မသိရသေးပါဘူး။ VW Group ကတော့ သူတို့ရဲ့ ပထမဆုံးသော မောင်းသူမဲ့ ဝန်ဆောင်မှုကို လာမယ့် ၂၀၂၄ မှာ ဂျာမနီ နိုင်ငံ ၊ ဟမ်းဘတ် မြို့မှာ စတင် ပေးနိုင်မယ်လို့ ကြေညာထားကာ Argo AI ရဲ့ မောင်းသူမဲ့ စနစ်ကိုပဲ အသုံးပြုသွားမှာပါ။ နောက်ပိုင်းမှာတော့ အဆိုပါ ဝန်ဆောင်မှုတွေ အကုန် လုံးဟာ မောင်းသူမဲ့ တက္ကစီဝန်ဆောင်မှုတွေအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority