နည်းပညာ ကုမ္ပဏီကြီး Apple ရဲ့ ဒီတစ်ခေါက် မိတ်ဆက်လိုက်တဲ့ ထုတ်ကုန်အသစ် တွေကတော့ ဆက်သွယ်ရေးအတွက် တင်သာမကပဲ ကားလောကအတွက်ပါ အထောက်အကူ ဖြစ်လာတာတွေ့ရပါတယ်။ နာမည် ကျော် iPhone 14  ပါဝင် မိတ်ဆက်ခဲ့တဲ့ Apple Event မှာတော့ ယာဉ်တိုက်မှုတွေ ဖြစ်ခဲ့ရင် အလိုအလျောက် ထောက်လှမ်းသိရှိနိုင်မယ့် Crash Detection စနစ်ကို Apple Watch Series 8 ၊ Watch OS 9 နဲ့ Watch SE အသစ်တို့အပြင် iOS 16 နဲ့ iPhone 14 တွေမှာ ထည့်ပေးလိုက်ပြီဖြစ်ပါတယ်။ အထူးသဖြင့် Series 8 နာရီ အသစ်မှာဆိုရင် အခုလိုထောက်လှမ်းသိရှိနိုင်ဖို့ Axis Gyroscope ၃ လုံးအထိ တပ်ဆင်ထားပြီး 256 g အလေးချိန်အထိကို ခံနိုင်ရည်ရှိတဲ့ Accelerometer ကိုလည်း ထည့်ပေးထားပါတယ်။ အခုလို Hardware အသစ်တွေအပြင် မိုက်ခရိုဖုန်း ၊ GPS နဲ့ Barometer စတာတွေ အားလုံးပေါင်းပြီးမှ ကောင်းကောင်း ထောက်လှမ်းပေးနိုင်တာ ဖြစ်ပါတယ်။ အားလုံးဆီကရတဲ့ အချက်အလက် တွေစုပေါင်းပြီးမှ ကားမောင်းနေစဉ် ယာဉ်တိုက်မှု ဖြစ်သွားတာမျိုးကို အလိုအလျောက် သိရှိနိုင်မှာလည်း ဖြစ်ပါတယ်။

Photo Credit: MotorAuthority

အခုလို Crash Detection လုပ်ဆောင်ချက် အသစ်ကို iPhone အသစ်တွေမှာလည်း ထည့်ပေးထားပြီး Apple Watch တွေ ရဲ့ Sensors တွေလိုပဲ အလုပ်လုပ်မှာပါ။ ဒါပေမယ့် Apple Watch ချိတ်ထားသည် ဖြစ်စေ ၊ မချိတ်ထားသည် ဖြစ်စေ iPhone ကိုယ်တိုင်က ယာဉ်တိုက်မှုကို အလိုအလျောက် သိရှိထောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း iPhone 14 အသစ်တွေမှာပါ ပိုပြီးတိကျတဲ့ Gyroscope နဲ့ Dual-Core Accelerometer တွေကို ထပ်ပြီးတပ်ဆင် ပေးလာရတာပဲ ဖြစ်ပါတယ်။ Apple ရဲ့ အဆိုအရတော့ အခုစနစ်မှာ ကားကို ဘေးဘက်တိုက်တာလား ၊ အရှေ့ ၊ အနောက် ဒါမှမဟုတ် လုံးဝ မှောက်သွားတာလား စသဖြင့် ခွဲခြားသိနိုင်ဖို့ အတွက်ကို နှစ်အတော်ကြာ သုတေသန ပြုလေ့လာဖန်တီး ခဲ့ရတယ် လို့ သိရပါတယ်။ သာမန် အိမ်စီးကားတွေတင် မဟုတ်ပဲ ခရီးသည်တင် ကားတွေ ၊ SUV တွေနဲ့ Pickup ကားတွေ အထိပါ ထောက်လှမ်း သိရှိနိုင်ဖို့ အခု နည်းပညာကို သေချာ ပြင်ဆင်ထားတာပါ။ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေ လုံခြုံ စေဖို့ အတွက်ကတော့ Apple အနေနဲ့ ယာဉ်တိုက်မှု ဖြစ်စဉ်ကရတဲ့ အချက်အလက်တွေကို ဖုန်းအတွင်းမှာပဲ သိမ်းဆည်းပေးမှာ ဖြစ်ပြီး ဖြစ်စဉ်ခဏလေးအတွင်းမှာပဲ အသုံးပြုသွားမှာပါ။

Photo Credit: MotorAuthority

ဈေးနှုန်းတွေ အနေနဲ့ ကတော့ Watch Series 8 ကို GPS Model ဆိုရင် $ 399 ၊ Cellular Model ဆိုရင် $ 499 ကျသင့်ပြီး Watch SE ဆိုရင်တော့ GPS Model အတွက် $ 249 ၊ Cellular Model အတွက် $ 299 အသီးသီး ကျသင့်မှာပါ။ အဆိုပါ နာရီတွေ အတွက်တော့ စတင်ရောင်းချမယ့် စက်တင်ဘာ ၁၆ ရက် မတိုင်ခင် အခုလာမယ့် ဗုဒ္ဓဟူးနေ့ကတည်းက စတင် မှာယူထားနိုင်ပါပြီ။ နာမည်ကျော် iPhone 14 တွေကို တော့ လာမယ့် သောကြာကစလို့ အမှာစာတင်နိုင်ပြီ ဖြစ်ပြီး စက်တင်ဘာ ၁၆ ရက်မှာပဲ စတင်ရောင်းချမှာပါ။ iPhone 14 ရိုးရိုးကတော့ $ 799 ကျသင့်ပြီး ပိုကြီးတဲ့ 14 Plus Model ကတော့ $ 899 ကျသင့်မှာ ဖြစ်ကာ အောက်တိုဘာ ၇ ရက်မှ စရောင်းမှ ဖြစ်တာကြောင့် သောကြာနေ့မှစပြီး အော်ဒါတင် နိုင်မှာ ဖြစ်ပါတယ်။

Ref: MotorAuthority