Alpine အတွက်ကတော့ Porsche 718 Cayman ကားနဲ့ ကောင်းကောင်း ယှဉ်ပြိုင်နိုင်မယ့် A 110 Sports Car သစ်ကို မနှစ်ကအဆင့်မြှင့်တင်မှုတွေ ပြုလုပ်နိုင်ခဲ့တာကြောင့် သက်တမ်းအားဖြင့်တော့ တစ်နှစ်တောင် ကြာလာခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါ ကားအပြင် Brand ဆီက နောက်ထပ်စွမ်းဆောင်ရည်မြင့် လျှပ်စစ်ကား ၃ မျိုးကိုလည်း အနည်းငယ်လှစ်ဟ ပြခဲ့ပြီး Hot Hatch အလန်းစားတစ်စီးနဲ့ Fully Electric A 110 တို့ ပါလာ ခဲ့ပါတယ်။ အခုတော့ အဆိုပါ ၃ စီးထဲမှာ နောက်တစ်စီး အပါအဝင် ဖြစ်တဲ့ Crossover ရဲ့ အကြောင်းက ပို စိတ်ဝင်စားစရာဖြစ်လာခဲ့ပါပြီ။ သေချာတာကတော့ Crossover တွေက လတ်တလောဈေးကွက်မှာ အလိုရှိ ကြဆုံး ဖြစ်နေတာကြောင့် ကားကုမ္ပဏီတိုင်း လိုလိုမှာ အနည်းဆုံးတစ်စီးတော့ ပါနေကြတာပါပဲ။ အခုဆိုရင် တော့ Alpine ရဲ့ အဆိုပါ လျှပ်စစ် Crossover ကားသစ်ကို GT X-Over လို့ အမည်ပေးထားတယ်လို့ သိလာရပြီး လာမယ့် ၂၀၂၅ မှာ စတင်မိတ်ဆက်လာ ပါတော့မယ်။ အဆိုပါ ကားကိုတော့ ပြင်သစ်မှာရှိတဲ့ Dieppe စက်ရုံမှာ စတင် ထုတ်လုပ်သွားတော့မှာပါ။

Photo Credit: CARBUZZ

လက်ရှိ အချိန်အထိတော့ အဆိုပါကားကို သေချာမမြင်ဖူးကြသေးသလို အသေးစိတ်စက်ပိုင်းဆိုင်ရာ အချက် အလက် တွေကိုလည်း မသိကြသေးဘူး ဆိုပေမယ့် ကားနဲ့ပတ်သက်လို့ လုံးဝလမ်းပျောက် နေတာမျိုးတော့ မဟုတ်ပါဘူး။ အဆိုပါကားကို CMF-EV Platform ပေါ်အခြေခံကာ တည်ဆောက်လာမှာ ဖြစ်ပြီး လျှပ်စစ် ကားလောက ထဲကို အကြီးအကျယ် ခြေစုံပစ်ဝင်လာတဲ့ Renault-Nissan-Mitsubishi ပူးပေါင်း အဖွဲ့ရဲ့ အကူအညီ တစ်ချို့ကိုလည်း ရယူလာဖို့ ရှိပါတယ်။ ဒါကြောင့် အခုကားက Nissan Ariya ရဲ့ Platform နဲ့ လည်း အတူတူ ဖြစ်နေတော့မှာပါ။ Autocar ဆီကလာတဲ့ သတင်းတွေ အရတော့ အဆိုပါ ကားသစ်က Renault Megane E-Tech ရဲ့ လျှပ်စစ်မော်တာ တစ်လုံးတည်းကိုသာအသုံးပြုလာမှာဖြစ်ပြီး 215 hp အထိ ရှိလာနိုင်ပါတယ်။ ကားကိုတော့ စွမ်းဆောင်ရည်ပိုမြင့်မားလာနိုင်တဲ့ Four-Wheel Drive စနစ်လည်း ထည့် ပေးလာနိုင်ဖို့ ခန့်မှန်းရသလို နောက်ထပ် လျှပ်စစ်မော်တာ တစ်လုံးလည်း  ပါလာနိုင်ဖို့ အလား အလာ ရှိနေ ပါသေးတယ်။ ဒါကြောင့် အခုလိုသာ တကယ်ထုတ်လုပ် ဖြစ်ခဲ့မယ် ဆိုရင်တော့ ဒါဟာ Porsche Macan EV ကားကို ကောင်းကောင်း ယှဉ်ပြိုင်ဖို့ ဆိုတာ သေချာသလောက်ပါပဲ။

Photo Credit: CARBUZZ

အခုကားထုတ်လုပ်မယ့် စက်ရုံဖြစ်တဲ့ Dieppe စက်ရုံကတော့ အပြောင်းအလဲ ကြီးကြီးမားမား လုပ်ထားတာ ဖြစ်ပြီး နာမည်ကအစ Manufacture Alpine Dieppe Jean Redele လို့ ပြောင်းလဲ ထားလိုက်တာဖြစ်ကာ Alpine ရဲ့ ‌တည်ထောင်သူကို အသိအမှတ် ပြုထားတာလည်း ဖြစ်ပါတယ်။ အဆိုပါ ကားအပြီး နောက်ထပ် လျှပ်စစ် ကား ၂ မျိုး ကိုတော့ ၂၀၂၆ လောက်မှာ စတင် ထုတ်လုပ်လာဖို့ စီစဉ်ထားပြီး အဆိုပါ ၂ စီးထဲက တစ်စီးကတော့ Renault 5 Hatchback ရဲ့ စွမ်းဆောင်ရည် မျိုးကွဲတစ်ရပ် ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် အခု လျှပ်စစ် Crossover ကားသစ်နဲ့ တင်လျှပ်စစ် ကားဈေးကွက်ထဲ Alpine တို့ ဝင်လာပြီ ဆိုတာကို ကောင်းကောင်း သက်သေပြနိုင်မှာပဲ ဖြစ်ပါတယ်။ Alpine ကုမ္ပဏီ ရဲ့ အဆိုအရတော့ အခု GT X-Over ဆိုတဲ့ ကားအသစ်ကြောင့် လျှပ်စစ် ကားခေတ်သစ်တစ်ခုမှာ စတင် ထွန်းတောက်လာတော့မှာဖြစ်ပြီး Alpine Brand ကို ထွန်းတောက်စေခဲ့တဲ့ Sports ကားတွေရဲ့ ကောင်းမွန်မှုတွေ ကိုလည်း ပြန်အမှတ်ရနေ စေမှာ ဖြစ်တယ်လို့သိရတာကြောင့် သေသေချာချာ စောင့်ကြည့်သင့်တဲ့ လျှပ်စစ်ကား တစ်စီးပဲ ဖြစ်ပါတော့ တယ်။

Ref: carbuzz.com