လျှပ်စစ်စွမ်းအင်သုံး အနာဂါတ်ကို ပုံဖော်ဖို့ နီးစပ်လာတာနဲ့ အမျှ ကုမ္ပဏီကြီးတွေ အတော်များများကလည်း လုံးဝ လျှပ်စစ် ကားသီးသန့် ကုမ္ပဏီ အဖြစ် ရပ်တည်ဖို့ ရှိလာခဲ့ကြပါပြီ။ နာမည်ကြီး Porsche တို့ဆိုရင်လည်း Taycan ကားတွေကို ပုံစံအမျိုးမျိုး ထုတ်လုပ်ပေးနေရာ ကနေ လျှပ်စစ်စွမ်းအင်သုံး Macan ကလည်း စာရင်းထဲပါလာခဲ့ပြီ ဖြစ်သလို တစ်ချိန်တည်းမှာပဲ လက်ရှိသာမန် ICE Engine တွေနဲ့ တွဲဖက်အလုပ်လုပ်နိုင်မယ့် သန့်စင်စွမ်းအင် တစ်မျိုး ကိုလည်း သုတေသနလုပ်နေကြပါသေးတယ်။ ဂျပန်ကုမ္ပဏီ Toyota ဆိုရင်လည်း လျှပ်စစ်ကားအခန်းကဏ္ဍဘက်ကို ကူးပြောင်းနေပြီဆိုပေမယ့် Toyota Mirai တို့လိုမျိုး ဟိုက်ဒရိုဂျင်ကားတွေနဲ့အတူအခြားသောနည်း လမ်း အသစ်ဖြစ်နိုင်ဖွယ်ရာတွေကိုလည်း ထည့်သွင်းစဉ်းစားနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် Toyota က Yamaha နဲ့ ပူးပေါင်းပြီး Hydrogen စွမ်းအင်သုံး V8 Engine ဖြစ်လာဖို့လည်း သုတေသန လုပ်နေပါသေးတယ်။ အခု ဆိုရင်တော့ အဆိုပါ လမ်းကြောင်းအတိုင်း ဆက်လိုက်လာဖို့ ကြိုးစားနေခဲ့တာ ပြင်သစ် ကားကုမ္ပဏီ Alpine ဖြစ်ပြီး A4810 လို့ လောလောဆယ် အမည်ပေးထားတဲ့ စူပါကား တစ်စီး ကို Concept အနေနဲ့ ချပြလာခဲ့ပါတယ်။ ထူးခြားတာကတော့ အဆိုပါ ကားရဲ့ပုံကြမ်း Concept ကို ဖန်တီးခဲ့ရာမှာတော့ Alpine တို့က European Institute Of Design ကျောင်းကကျောင်းသားတွေနဲ့ ပူးပေါင်း လုပ်ဆောင်ခဲ့တာပါပဲ။

Photo Credit: CARBUZZ

တကယ် ထူးခြားတဲ့ အချက်ကတော့ စူပါကား ဆိုပေမယ့် ဟိုက်ဒရိုဂျင် စွမ်းအင်သုံးထားတာ ဖြစ်ကာ အနာဂါတ်ရဲ့ အဆုံးစွန်သော Sports အရသာကို ပတ်ဝန်းကျင်နဲ့ လိုက်ဖက်ညီစွာ ပေးစွမ်းနိုင်မယ့် ကားလို့လည်း ဖော်ပြထား ပါတယ်။ Teaser ပုံထဲမှာ မြင်ရသလောက်ကတော့ ကားကခပ်ပါးပါး ခပ်နိမ့်နိမ့်နဲ့ ခေတ်ပေါ် Le Man’s Prototype Racer ပြိုင်ကားလိုမျိုး ဒီဇိုင်းနဲ့ ဖြစ်ပါတယ်။ အရှေ့ဘက် အပိုင်းက အတော်လေး သိသာလှပပြီး Brand ရဲ့ Signature ဖြစ်တဲ့ လေးလုံးတွဲ Headlight ပုံစံကို ထည့်သွင်းပေးထားပါတယ်။ Alpine ရဲ့မူလ မိခင်ကုမ္ပဏီ Renault ကလည်း မကြာသေးမီကမှ နောက်ဆုံးပေါ် ဟိုက်ဒရိုဂျင် Concept ကားတစ်စီးကို ချပြခဲ့သေးတာ ဖြစ်ပါတယ်။ အခု A 4810 ကား မှာဆိုရင်လည်း ဒီဇိုင်းပိုင်း အများကြီးချမပြထားသေးပဲ Megane E-Tech ရဲ့ အငွေ့အသက် တစ်ချို့ကိုလည်း သဲလွန်စ တော့ ပြထားပါသေးတယ်။ အဆိုပါ ပြင်သစ်ကုမ္ပဏီကတော့ သူတို့ရဲ့ အခု Concept က ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်တွေ ၊ ပြန်လည် အသုံးပြုနိုင်တဲ့ သတ္တုပစ္စည်းတွေနဲ့ အသုံးဝင်နိုင်မှုတွေကို ပြသနိုင်တဲ့ ကား တစ်စီး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Photo Credit: CARBUZZ

အခု ဟိုက်ဒရိုဂျင် စွမ်းအင်သုံးကား Concept မှာတော့ ဒီဇိုင်းပိုင်းအရပါ IED ကျောင်းသားတွေနဲ့ ပူးပေါင်းထားတာ ဖြစ်ပြီး Brand ကိုယ်တိုင်ကလည်း သူတို့ရဲ့ နောက်ထွက်လာမယ့် A110 မျိုးဆက်သစ်မှာ လျှပ်စစ်ကား ဖြစ်လာတော့မယ်လို့ အတည်ပြုထား ပြီးပါပြီ။ ဒါ့အပြင် ဘက်ထရီ စွမ်းအင်သုံး SUV ကိုလည်း ချပြလာပြီ ဖြစ်ပြီး GT-X Over လို့တော့ အမည်ပေးထားပါတယ်။ အခုမြင်ရတဲ့ Concept ကလည်း ဟိုက်ဒရိုဂျင် စွမ်းအင်သုံး ကားတစ်စီး ဖြစ်လာမယ် ဆိုတာကလွဲလို့ အခြားသော စက်ပိုင်းဆိုင်ရာ အသေးစိတ်တွေ မသိရသေး ပါဘူး။ ပြီးခဲ့တဲ့ ဇန်နဝါရီ လတုန်းကပဲ Renault Nissan Mitsubishi ပူးပေါင်း ကုမ္ပဏီ ကနေ လျှပ်စစ် စွမ်းအင် အတွက် ဒေါ်လာ ၂၆ ဘီလီယံ အထိ ရင်းနှီးမြုပ်နှံသွားဖို့ ဆုံးဖြတ်ထားခဲ့ပြီး လာမယ့် ၂၀၃၀ အရောက်မှာတော့ လျှပ်စစ်ကားသစ် ၃၅ မျိုး အထိ မိတ်ဆက်ထား မှာ ဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါ ၃၅ စီး စာရင်းထဲက တစ်စီးကတော့ အခုမြင်ရတဲ့ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး စူပါကားလည်း ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ တကယ်လို့ Concept အနေနဲ့ပဲ ဖြစ်ပြီး ထုတ်လုပ်ဖို့ မဖြစ်လာခဲ့ရင်တောင်မှ ကုမ္ပဏီရဲ့ အနာဂါတ်ဒီဇိုင်းတွေကို ခန့်မှန်း လို့ ရနိုင်မယ့် ကားတစ်စီး ဖြစ်လာမှာ ကတော့ သေချာနေပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်အဆိုပါ Concept ကိုပဲ လာမယ့် မတ်လ ၁၈ ရက်နေ့ မှာ အပြည့်အဝ ချပြဦးမှာဖြစ်လို့  သေချာစောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com