လက်ရှိကျင်းပလျက်ရှိတဲ့ Pebble Beach နာမည်ကျော် ကားပြပွဲကြီးမှာ DeLorean ကား ကုမ္ပဏီကနေသူတို့ရဲ့ အဓိက မော်ဒယ် Alpha5 ကို တရားဝင် ချပြခဲ့ပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ နောက်ထပ် ထူးထူးခြားခြား ခေတ်လွန် ဒီဇိုင်းတွေနဲ့ Concept ကား ၂ စီးကိုလည်း ချပြခဲ့သေးပြီး နာမည်တွေကိုက Alpha5 Plasmatail နဲ့ Omega 2040 လို့ ဆိုထားတာကြောင့် အချိန်ကာလ အပိုင်းအခြား ၂ ခုကို ပြထားကာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ အဆိုပါ ကားတွေထဲကမှ Alpha5 Plasmatail ကတော့ လက်ရှိ Alpha5 ရဲ့ Shooting Brake Version အသစ်ဖြစ်ဖို့ များပြီး လာမယ့် ၂၀၂၄ မှာပဲ အတူတူ ထုတ်လုပ်လာမှာပါ။ Alpha5 ကားမှာကတည်း ကိုကခပ်ရှည်ရှည် Fastback Design ကိုယ်ထည်ကို မြင်ထားရပြီးသားဖြစ်တာကြောင့် အခု Plasmatail Concept ရဲ့ ပုံစံက သိပ်တော့ မထူးခြားတော့ပါဘူး။ အမိုးကလည်း အတော်လေး ကို တိမ်တိမ်လေး နဲ့ ပြေပြေလေး ဆင်းသွားတဲ့ ပုံစံဖြစ်ပြီး နည်းနည်း ပိုမြင့်ပေးထားတဲ့ အနောက်ဘက် Hatch တစ်ဆက်တည်းဖြစ်လို့ နေတာပါ။

Photo Credit: motor 1.com

ဒီလို ပြောင်းလိုက်တာကြောင့်လည်း အနောက်ဘက် ကားမီး Taillight တွေကအစ အပေါ် နည်းနည်းတက်လာခဲ့ပြီး ကျန်အပိုင်းတွေကတော့ Alpha5 Standard Version နဲ့ အတူတူပါပဲ။ အဆိုပါ ကားတွေမှာတော့ အပေါ်ကို လှန်ဖွင့် တဲ့ Gullwing တံခါးတွေ ၊ ပုံကြမ်းတွေမှာ မြင်ခဲ့ရတဲ့ အတိုင်း အနောက်ဘက် Hatch ကြီး တစ်ခုလုံးကလည်း အမိုးနဲ့ ဆက်ကာ လုံးဝပွင့်နေတဲ့ အတိုင်းပုံစံမျိုး ဖြစ်အောင် ဖန်တီးထားတာတွေ ပါဝင်လာမှာပါ။ Omega 2040 ဆိုတဲ့ ကားကိုတော့ လက်ရှိမှာ ထုတ်လုပ်ဖို့ မရှိသေးတဲ့ Concept အဖြစ်ပဲ ပြသထားပါတယ်။ အဆိုပါ ကားကတော့ အနာဂတ် DeLorean Design မျိုးဆက်သစ် တစ်ခုရဲ့အစ ဖြစ် လိမ့်မယ်လို့ DeLorean Website မှာကို တရားဝင် ဖော်ညွှန်းထားတာပါ။ လက်ရှိမှာ မထုတ်လုပ်သေးဘူး ဆိုပေမယ့်လည်း ဟိုးဝေးသေးတဲ့ ၂၀၄၀ ဆိုတဲ့ ခုနှစ် မော်ဒယ် တစ်ရပ် အနေနဲ့ ကြိုကြည့်ထားတာ ကတော့ ကုမ္ပဏီရဲ့ အနာဂတ် ခြေလှမ်းတွေကို လှစ်ဟပြထား သလိုပါပဲ။ အခု မြင်ရသလောက် အတော်လေးလည်းထူးခြား ထင်ရှားနေတဲ့ Omega Concept ကို Baja Racing ပိုင်းက တာဝန်ယူဖန်တီးထားမှာ ဖြစ်ပြီး SUV မဟုတ်သေးသလို နောက်တွဲလည်း မပါသေး ပြန်တာကြောင့် Pickup Truck ကားလား ၊ ဘယ်လိုမျိုးလဲ ဆိုတာကိုပါ လောလောဆယ် ပြောဖို့ခက်နေပါသေးတယ်။ ပို‌ထူးခြားတာ ကတော့ သာမန် ကားတွေ လို ဘေးတံခါးတွေ လုံးဝတွေ့ရတာ မရှိသေးပဲ Gullwing Doors အတောင်ပံ ပုံစံ တံခါးတွေနဲ့ပဲ ဖန်တီး ပေးထားပါတယ်။

Photo Credit: motor 1.com

အခု ကားတွေအပြင် ယခင် Alpha2 ၊ Alpha3 နဲ့ Alpha4 တို့ရဲ့ Concept ကားအဟောင်းတွေကိုပါ ချပြခဲ့ ပါသေးတယ်။ အဆိုပါ Concept တွေ ကိုတော့ အထက်က ကား ၂ စီးလိုမျိုး တကယ့်ကား အရွယ်နဲ့ မဟုတ်ပဲ နမူနာ  Scale Model လေးတွေနဲ့ပဲ ပြသခဲ့တာပါ။ ဒါပေမယ့်လည်း  အဆိုပါ Concept အသစ်တွေကြောင့်ပဲ Alpha5 ဆိုတဲ့ အခုလို ကားတွေ ဖြစ်လာခဲ့ပြန်ပါတယ်။ ဒါကြောင့် အခု မြင်ရတဲ့ Plasmatail ကားပုံစံကလည်း ကုမ္ပဏီရဲ့ ရှေ့ဆက် ထွက်လာမယ့် ကားအနေအထားကို ခန့်မှန်းပေးရာ ရောက်သလို မဝေးတော့တဲ့ အနာဂတ်မှာ Omega Concept လို ကားမျိုးတွေပါ ဖန်တီးပေးနိုင်တော့မယ်ဆိုတဲ့ ကြီးမားတဲ့ ရည်မှန်းချက် အရိပ်အယောင်တွေလည်း ဖြစ်နိုင်ပါတယ်။ ယခင်ကြေညာထားတဲ့အတိုင်းပဲ အဆိုပါ Alpha5 Plasmatail ကားကို Standard Coupe Version Alpha5 နဲ့အတူတူ လာမယ့် ၂၀၂၄ မှာ စတင် ထုတ်လုပ် တော့မှာ ဖြစ်ပြီး ဈေးနှုန်းအသေးစိတ်နဲ့ ဘယ်နှစ်စီး လောက် ထုတ်လုပ်ဖြစ်မယ် ဆိုတာကိုတော့ မသိရသေးပါဘူး။

Ref: motor 1.com