Alfa Romeo ဆိုတဲ့ ကားကုမ္ပဏီ နာမည်ကို ကြားလိုက်ရင်တော့ သမိုင်းကြောင်း တစ်လျှောက်က ရှေးဟောင်း Classic ကားတွေကို ပြန်လည် မြင်ယောင်မိမှာပါ။ The Graduate ဆိုတဲ့ ဇာတ်လမ်းထဲမှာ ပါဝင်ခဲ့ပြီး ၁၉၆၆ ခုနှစ် ကနေ ၁၉၉၄ အတွင်း ထုတ်လုပ်ခဲ့တဲ့  Spider ဆိုတဲ့ ရှေးဟောင်းကားလေး ကစလို့ ၁၉၃၀ ‌ခုနှစ်တွေဆီက 8C 2900B လို ကားတွေ ၊ ၁၉၆၀ နှစ်တွေဆီက 33 Stradale တို့လို ကားမျိုးတွေအထိ စုံစုံ လင်လင်ကို ရှိလှပါတယ်။ အခုဆိုရင် အဆိုပါ ကားတွေလိုမျိုး တန်ဖိုးရှိ ရှေးဟောင်း ကားတွေကို ပြုပြင်ထိန်းသိမ်းပေးမယ့် အစီအစဉ်အသစ်တစ်ခုကို Alfa Romeo က မိတ်ဆက်ပေးလိုက်ပြီး ပြန်လည် ပြင်ဆင်ပေး တာတွေအပြင် ကုမ္ပဏီကနေ တစ်စီးလုံးကို အပြည့်အဝ ပြန်လည် ပုံဖော် ပေးတာတွေအထိ စီစဉ်ပေးမှာပါ။

Photo Credit: MotorAuthority

အဆိုပါ အစီအစဉ်ကိုတော့ Alfa Romeo Classiche လို့ အမည်ပေးထားပြီး Stellantis Heritage Department ကြီး ဆီ နောက်ဆုံး ရောက်လာတဲ့ အစီအစဉ် တစ်ခုလည်း ဖြစ်ပါတယ်။ အဆိုပါ အစီအစဉ်ကိုတော့ အခု အောက်တိုဘာ ၂၀ ရက်ကနေ ၂၃ ရက် အတွင်း အီတလီမှာ ကျင်းပမယ့် Auto e Moto d’Epoca Classic Car ပွဲကြီးမှာ စတင် ဖွင့်လှစ်သွားမှာပါ။ အဆိုပါ ဝန်ဆောင်မှုတွေထဲက အရေးကြီးတဲ့ တစ်ခုကတော့ Certificate Of Authenticity လို့ အမည်ရတဲ့ ရှေးဟောင်း ကားစစ်မှန်ကြောင်း ထောက်ခံချက် အမှတ်အသားပဲ ဖြစ်ပါတယ်။ အဆိုပါ လက်မှတ်နဲ့ ကားဆိုရင် အဓိကအားဖြင့် ကားတစ်စီးလုံးရော အစိတ်အပိုင်း တွေပါ အစစ်အမှန် ဖြစ်ကြောင်း အသိအမှတ် ပြုပေးမှာ ဖြစ်ပါတယ်။ အဆိုပါ အသိအမှတ်ပြု ထုတ်ပေးမယ့် အစီအစဉ်ကိုတော့ ကားပိုင်ရှင်ရဲ့ အိမ်မှာပဲဖြစ်ဖြစ် အီတလီ နိုင်ငံ တူရင်မြို့ ဆီမှာပဲဖြစ်ဖြစ်လာရောက် ဆောင်ရွက်နိုင်မှာပါ။ နောက်ထပ် အစီအစဉ် တစ်ရပ်ကတော့ ကားတွေကို ပြန်လည် ပြင်ဆင်ပေးပြီးရင် ပေးအပ်သွားမယ့် Certificate Of Origin ဆိုတဲ့ မူလ အမှတ်သညာ အသိအမှတ်ပြုမှု လက်မှတ်ပါပဲ။ ဒီ အစီ အစဉ်ကတော့ Porsche ရဲ့ Porsche Production Specification Service နဲ့ သဘောတရား အတူတူပဲ ဖြစ်ပြီး ကားရဲ့ ထုတ်လုပ်တဲ့ ခုနှစ်အပြင် မူလစက်ရုံ ပစ္စည်းတွေပဲ သုံးထားတယ်ဆိုတာကိုပါ အသိ အမှတ်ပြု ပေးမှာ ဖြစ်ပါတယ်။ အဆိုပါ အချက်အလက်အတွက် ဆိုရင်တော့ ကားမော်ဒယ် ရဲ့ အသေးစိတ် အချက်အလက်တွေ အပြင် ၊ အင်ဂျင် ရဲ့ Serial Number ၊ အပြင်ပိုင်း အတွင်းခန်း တွေရဲ့ မူလအပြင်အဆင်တွေ အထိ အကုန် ကြည့်ဦးမှာ ဖြစ်ကာ အားလုံးကလည်း Alfa Romeo ရဲ့ မူလအတိုင်းဖြစ်နေဖို့ လိုအပ်ပါသေးတယ်။

Photo Credit: MotorAuthority

ဝန်ဆောင်မှုရဲ့ နောက်ထပ် အရေးကြီးတဲ့ အပိုင်းတွေထဲမှာတော့ ကားကို ပြန်လည် ပြင်ဆင်ထိန်းသိမ်း ပေးတဲ့ အပိုင်း တွေလည်း ပါဝင်မှာပါ။ အထူးသဖြင့် တူရင်မြို့အထိ လာပြီး ပြင်ဆင်ရမယ့် ဝန်ဆောင်မှုတွေ ဖြစ်ပြီး ကားရဲ့ အစိတ် အပိုင်း တစ်ခုချင်းစီပဲ ဖြစ်ဖြစ်၊ တစ်စီးလုံးကို ပြန်လည် ဖျက်ပြီးအစအဆုံး အသစ်ဖန်တီး ပေးတာပဲ ဖြစ်ဖြစ် အကုန်လုံး လုပ်ကိုင်နိုင်မှာပါ။ Alfa Romeo အနေနဲ့ကတော့ အဆိုပါ အစီအစဉ် အတွက် Alfa Romeo Classiche ဆိုတဲ့ အစီအစဉ် အောက်မှာ နောက်ထပ် ကဏ္ဍတစ်ခုအနေနဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာပါ ထည့်သွင်းပေးထားတော့မှာ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ရှေးဟောင်း ကားတွေဟာ အချိန်တွေ ကြာလာလေ ပိုင်ရှင်တွေအတွက် ဘယ်လောက်အထိကို အကျိုးရှိသလဲ ဆိုတာ အခုလို အစီအစဉ်တွေမှာ ပိုပြီးမြင်သာ နိုင်ပါတယ်။ အထူးသဖြင့် အခုလိုမျိုး အသိအမှတ်ပြု လက်မှတ်တွေ ထုတ်ပေးတာ ၊ ကားတွေ ပြန်လည်ပြုပြင် ထိန်းသိမ်းပေးတာတွေနဲ့ အထောက်အကူ ပြုနိုင်ပြီး တကယ် လည်း အခုလို တရားဝင် ထိန်းသိမ်းပေးမှသာ ကားတွေရဲ့ မူလတန်ဖိုးက ရေရှည်အထိကို တိုးတက်လာမှာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority