2023 Tonale Compact Crossover ကားကို လတ်တလောကမှ ပူပူနွေးနွေး မိတ်ဆက်ထားတဲ့ Alfa Romeo တို့ ကတော့ နောက်ထပ် High-Riding Model အသစ် ၂ မျိုးကို ထပ်မံချပြဖို့ ရှိနေပါသေးတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လ တုန်းကတော့ Alfa Romeo ရဲ့ CEO Jean-Philippe Imparato ကိုယ်တိုင်က လာမယ့် ၂၀၂၄ အရောက်မှာ Subcompact Crossover တစ်စီး ထွက်လာဖို့ ရှိတယ်လို့ အတည်ပြုပေးထား ခဲ့တာ ရှိဖူးပါတယ်။ ဒါ့အပြင် ကား အသစ် ကို Brennero လို့ အမည်ပေးထားနိုင်ကြောင်းလည်း ခန့်မှန်းခဲ့ပြီး Internal Combustion Engine နဲ့ပဲ ဆက်လက် ပွဲထွက်လာလိမ့်မယ်လို့လည်း ဆိုခဲ့ဖူးတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက Automotive News နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခု မှာတော့ Imparato က သူတို့အနေနဲ့ လာမယ့် ၂၀၂၇ အရောက်မှာ BWM X5 ကားအရွယ်လောက်ရှိမယ့် လျှပ်စစ် ကား တစ်စီးကို ချပြလာဖို့ ရှိနေတယ်လို့ ဆိုခဲ့တာပဲ ဖြစ်ပါတယ်။ တကယ်တော့ အဆိုပါ အချိန်ကာလက တရုတ် ၊ ဥရောပ နဲ့ အမေရိက ကား ဈေးကွက်တွေထဲမှာ Alfa Romeo တို့ လျှပ်စစ်ကား သီးသန့် ကုမ္ပဏီ အဖြစ် စတင်ရပ်တည်နိုင်ဖို့ ကြိုးစားလာမယ့် အချိန်နဲ့လည်း ကွက်တိ ဖြစ်လို့နေတာပါ။
Imparato ကတော့ အဆိုပါကားသစ်ကို X5 ရဲ့ ပြိုင်ဘက်အဖြစ် ဖော်ညွှန်းလာခဲ့ပြီး Alfa Romeo ရဲ့နောက် ထပ် Flagship ကားတစ်စီးလည်း ဖြစ်လာမှာမို့ အခုလောက် အထိ ညွှန်းနေပုံလည်းရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ မှာ အမေရိက ဈေးကွက်တစ်ခုတည်းနဲ့တင် BWM X5 ကားက အစီးရေ ၆၀,၀၀၀ အထိ ရောင်းချခဲ့ ရပြီး 5-Series Sedan ကားတွေက ၂၄,၅၀၀ ပဲ ရောင်းချခဲ့ ရတာကို ကြည့်ခြင်းအားဖြင့်တော့ Alfa Romeo လည်း သူတို့ရဲ့ အမြင့်ဆုံးသော အဓိကကားကို Sedan အစား SUV ကို ဦးစားပေးလာတာ နားလည် ပေးလို့ ရတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့်လည်း ဒီလိုဆိုတိုင်း Alfa Romeo တို့ ရဲ့ Sedan ကားတွေ ကို လုံးဝ ပစ်ပယ် သွားတော့မယ်ဆိုတဲ့ အဓိပ္ပါယ်တော့ မသက်ရောက်သေးပဲ Imparato ရဲ့ ပြောကြားချက်အရဆိုရင် အနာ ဂါတ်မှာ ထွက်လာမယ့် Giulia ဆိုတဲ့ ကားလည်း ရှိဦးမှာပါ။ ဒါပေမယ့် သေချာတာကတော့ အဆိုပါ ကား လည်း လျှပ်စစ်ကားအဖြစ်ပဲ ပွဲထွက်လာတော့မှာ ဖြစ်ပြီး အချိန် အတိအကျတော့ မခန့်မှန်းနိုင်သေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် Imparato ရဲ့ ပြောကြားချက်တွေအရ ဆိုရင်တော့ Coupe ဒါမှမဟုတ် Convertible ကားတွေရဲ့ Sports Version တွေလည်း အသစ်တွေမြင်ရနိုင်သေးပြီး အဆိုပါ ကားတွေကတော့ အဓိက ကားမော်ဒယ်တွေ ဆက်တိုက်ထွက်ပြီးမှသာ မျှော်လင့်လို့ရလာနိုင်တာပဲ ဖြစ်ပါ တယ်။
Ref: MotorAuthority
