ကား အကြောင်းကို သေချာ စိတ်ဝင်စားပြီး အသေးစိတ် အလေးထား သူတွေကလွဲလို့ ကျန်နေ့စဉ် ကားသုံး နေကြသူ အတော်များများ ကတော့ ကားရဲ့ ဘီးတွေ တာယာတွေ အပေါ်မှာ အခြေခံ စစ်ဆေးမှုလေး လုပ်ဖို့ ကိုတောင် ပေါ့လျော့ တတ်ကြတာ တွေ့ရပါတယ်။ ဒါကတော့ တကယ် ကို အန္တရာယ်များတဲ့ အနေအထား ဖြစ်ပြီး လိုအပ်ချက် အရတော့ အမြဲ စစ်ဆေးနေသင့်တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဈေးကြီးပြီး ကောင်း လွန်းပါတယ် ဆိုတဲ့ ခေတ်လွန် နည်းပညာ သုံး ကားတွေမှာတောင် ဒီတာယာ ကိစ္စက အဆင်မပြေနိုင်သေး တာ ဖြစ်ပါတယ်။ မကြာသေးမီတုန်း ကလည်း Bugatti Chiron Pur Sport ကားကို ဈေးကွက်ထဲကနေ ပြန်လည် သိမ်းဆည်း ခဲ့ကြရမှာတော့ Michelin လုပ် တာယာ ရဲ့ ချို့ယွင်းချက်တစ်ချို့ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် အခု ဆိုရင်တော့ အဆိုပါ တာယာ ပြဿနာတွေ ကို အပြေလည်ဆုံးဖြေရှင်းပေးနိုင် မယ့် ခေတ်သစ်နည်းပညာ တစ်ရပ်ကတော့ မကြာခင် ပေါ်လာဖို့ ရှိနေပါပြီ။ Michelin တာယာ ကုမ္ပဏီကပဲ Chevrolet Bolt မျိုးဆက်သစ်ကားတွေမှာ လေမလိုတာယာတွေကို သုံးလာမယ်လို့တရားဝင် ကြေညာထား ပြီးတာပါပဲ။ အဆိုပါ နည်းပညာအသစ်နဲ့ တာယာတွေကတော့ အန္တရာယ် ဖြစ်စေနိုင်တဲ့ အခြေအနေ တွေကို သိသိသာသာ ကာကွယ်ပေးနိုင်ရုံတင်မကပဲ ဝတ်ဝန်းကျင်အတွက်ကိုပါ အထောက်အကူ ပေးနိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း Michelin ရဲ့ တာယာလောက်ကတော့ သနားတယ်ဆိုတဲ့ ကား အကြောင်း စိတ်ဝင်စားသူ လူတစ်စုကတော့ ပေါ်လာခဲ့ပြန်ပါတယ်။ သူတို့ကတော့ အခုလိုဈေးကွက်ထဲတောင် မရောက် သေးတဲ့ လေမလိုတဲ့ တာယာနည်းပညာ ကို ကိုယ်တိုင် တီထွင်လိုက်ပါတယ်။ ပိုထူးခြားတာကတော့ သာမန် ပစ္စည်းလေးတွေ ဖြစ်တဲ့ ရေပိုက်လေးတွေ တာယာအခွံတွေနဲ့ အခု လေမလို ကားတာယာလေးကို ရအောင် ဖန်တီးထားတာပါ။
အဆိုပါတာယာရဲ့အခြေခံဘီးဂွေကိုတော့ Ford Mondeo ဆီက ၁၄ လက်မ စတီးဂွေကို သုံးထားပြီး ရေပိုက် ဖြတ်စ ၁၅ ခုကို ဘီး ပတ်ပတ်လည် မှာ ပေါင်းကာ ထည့်ပေးထားပါတယ်။ ဒါတင်မကသေးပဲ တုန်ခါမှုကို လည်း လျှော့ချနိုင်ဖို့ အတွက် အဆိုပါ ပိုက်ကြီးတွေကြားထဲ ပိုက်သေးသေး လေးတွေ ထပ်ထည့်ပြီး နပ်တွေ ဘော့တွေ ကလည်း အခု ၃၀၀ လောက် အထိကို ထည့်ပြီး ကုပ်ကပ်ထားလိုက်တာ ဖြစ်ပါတယ်။ တာယာပိုင်း ကိုတော့ ပြိုင်ဘီးတွေမှာ တွေ့ရတတ်တဲ့ Caterham Seven 270 R ကိုတော့ သုံးထားပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့ ရလဒ်က အရမ်းကြီး အသုံးမဝင်ပဲ ပျော်စရာတီထွင်မှုလောက် အဖြစ်နဲ့သာ ကျန်ရှိနေကာ ကားကို တကယ်မောင်းတဲ့ အခါမှာတော့ ဆူညံတဲ့ အသံတွေ ထွက်လာတာ တွေ့ရပါတယ်။ စိတ်ပူစရာ အကောင်းဆုံး တစ်ချက်ကတော့ သူတို့တပ်ထားတဲ့ နပ်တွေက ကားဘီး တစ်ခါလှိမ့် လောက်မှာပဲ မခံနိုင်ပဲ ပြုတ်ထွက်လာကြတာပါပဲ။
စမ်းသပ် မောင်းနှင်မှုကတော့ သိပ်မအောင်မြင်ဘူးဆိုတာ သိသာခဲ့ပြီး အထူးသဖြင့် ကားရဲ့ အလေးချိန်ကို မခံနိုင်တာ ကြောင့် တာယာကို ဝန်ပိသလိုဖြစ်နေခဲ့တာပါ။ ဘေးကနေ လိုက်စီးတဲ့ ခရီးသည်ကတော့ ကြောက်ကြောက်လန့်လန့် နဲ့ပဲ ဘာဖြစ်မလဲဆိုတာ မသိရလို့ ကြောက်နေရပြီး တာယာတွေရဲ့ တဂျွတ်ဂျွတ် အသံတွေကလည်း အသဲယားစရာ တော့ ကောင်းပါတယ်လို့ ဆိုထားပါတယ်။ လုံးဝကို စိတ်မချရတဲ့ရလဒ် ဆိုတာကို သူတို့လည်း ခံစားမိပေမယ့်လည်း တကယ်တမ်း သူတို့ ဖန်တီးထားတဲ့ ဒီဇိုင်းပိုင်းကတော့ စဉ်းစား ထားတဲ့ အတိုင်းဖြစ်ခဲ့တာကြောင့် မဆိုးဘူးလို့ ဂုဏ်ယူနေကြသေးတာ ဖြစ်ပါတယ်။ အခု တာယာ ဖန်တီးသူ တွေထဲက တစ်ယောက်ကတော့ ဒီထက်ပိုပြီး နည်းနည်း လေး ခပ်ငြိမ်ငြိမ် အသံမထွက်ပဲ ဖြစ်သင့်ကြောင်း ၊ ဘယ်လိုပဲဖြစ်ဖြစ် အိမ်က ရေပိုက်ဖြတ်စတွေ ၊ တာယာ အပိုင်းအစ တွေ လောက်နဲ့ပဲ ဖန်တီးထားတဲ့ ထုတ် ကုန်တစ်ခု အတွက်တော့ ဒီရလဒ်က အရမ်း မဆိုးပါဘူးလို့ပဲ ဆိုထားပါတယ်။ သေချာတာကတော့ ဒီတာယာ တွေက ဘယ်လိုမှ လက်တွေ့ လမ်းမ တွေထက်မှာ တရားဝင် ဖြစ်လာမှာ မဟုတ်သလို တကယ်လည်း ထပ် မောင်းလို့ ရမယ့် ပုံမပေါ်ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် အိုင်ဒီယာကောင်းကောင်းနဲ့ ဖန်တီးခဲ့တာကိုပဲ အသိအ မှတ် ပြုရတော့မှာပါ။
Ref: carbuzz.com