ပြီးခဲ့တဲ့ ကြာသပတေး နေ့မှာတင် Precision EV ဆိုတဲ့ လျှပ်စစ်ကား Concept ကို ချပြခဲ့တဲ့ Acura တို့ ကတော့ အခု ဆိုရင် အဆိုပါ ကားကို ဘယ်လို ခေါ်ဆိုမလဲ ဆိုတာကအစ သိရှိလာခဲ့ရပါပြီ။ အဆိုပါ Acura ရဲ့ ပထမဆုံး လျှပ်စစ် SUV ဖြစ်လာမယ့် ကားကိုတော့ ZDX လို့ အမည်ပေးထားမှာ ဖြစ်ပြီး စွမ်းဆောင်ရည်အသားပေး ZDX Type S ဆိုတဲ့ ကားမျိုးကွဲ ကိုလည်း ထုတ်လုပ်ပေးဦးမှာပါ။ Honda ရဲ့ Premium Brand ဖြစ်တဲ့ Acura ကတော့ အခု ကားနာမည်နဲ့ မော်ဒယ် အသစ်တွေကို ကျင်းပနေတဲ့ Monterey Car Week ပွဲကြီးမှာ ချပြသွားတာပါ။ တကယ်တော့ အဆိုပါ ZDX ဆိုတဲ့ နာမည်က ၂၀၁၃ နောက်ပိုင်းကမှ တစ်ကျော့ ပြန် မြင်လာရတဲ့ နာမည်ဖြစ်ပြီး ယခင်တုန်းကတော့ အဆိုပါ နာမည်နဲ့ Coupe ပုံစံ Mid-Size MDX Crossover အဖြစ် ထုတ်လုပ်ဖို့ ရှိခဲ့တာပါ။ မူလ ZDX တုန်းကလည်း အတော် လေး ကြည့်ကောင်းတဲ့ SUV တစ်စီးဖြစ်ပေမယ့်လို့ ထိုင်ခုံလေးတွေ ပုံမှန်ထက် သေးငယ်တာက အနည်းငယ် အားနည်း သွားရသလို မအောင်မြင်တဲ့ အဆင့်လည်း ဖြစ်သွား ခဲ့ရပါတယ်။ အဆိုပါ ကားကတော့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် တုန်းက အမေရိကန်နိုင်ငံ ၊ လော့အိန်ဂျလိပ်စ်မှာ ပထမဆုံး စတင်ဖွင့်လှစ်လာခဲ့တဲ့ Acura Design Studio ရဲ့  ပထမဆုံးလက်ရာ ကားသစ်လည်း ဖြစ်ခဲ့ပါတယ်။ အခု လတ်တလော မြင်ထားရတဲ့ Precision EV Concept ကလည်း အဆိုပါ Studio ကပဲ ဆက်လက် ဖန်တီးခဲ့တာ ဖြစ်ကာ အခုဆိုရင်တော့ ZDX ဆိုတဲ့ လျှပ်စစ်ကားသစ်ရဲ့ နောက်ဆုံး အတည်ပြု ဒီဇိုင်းဖြစ်လာဖို့ နီးစပ်နေပါပြီ။

Photo Credit: MotorAuthority

အခု လျှပ်စစ် SUV ကို ZDX လို့ အမည်ပေးထားမယ့် အကြောင်း တရားဝင် ပြောကြားထားတဲ့ အပြင် ကားသစ်ကို ၂၀၂၄ မှာ မိတ်ဆက်နိုင်မယ်ဆိုတာပါ Acura က အတည်ပြုခဲ့ပါတယ်။ ကားရဲ့ ပုံစံကို Concept ကနေမြင်ရသလောက် ကြည့်ရမယ် ဆိုရင်တော့ Brand ရဲ့ မြင်နေကျပုံစံကိုမှ ဆန်းသစ်ထားတဲ့ အသွင်ဖြစ်ပြီးလှေပုံစံ ဒီဇိုင်းတွေကိုလည်း မှီငြမ်းထားတယ်လို့ သိရပါတယ်။ ကားရဲ့ အရှေ့ပိုင်းကိုက လှေဦးပိုင်းပုံစံ ဖြစ်ပြီး Blacklit မျက်နှာစကိုမှ စိန်တုံးလေးတွေ ပုံစံ Pentagon Grille Design ကိုလည်း ပေါင်းစပ် ပေးထားသေးတာပဲ ဖြစ်ပါတယ်။ ဘေးဘက် ကိုကြည့်မယ် ဆိုရင်လည်း ချောချောမွေ့မွေ့လေးနဲ့ လှလှပပ အချိုးအစားလေးကို မြင်ရတာ ကျေနပ်စရာ ကောင်းနေပြီး အတော်လေးလည်း သပ်ရပ်တဲ့ အသွင်တော့ ဆောင်နေတာဖြစ်ကာ D-Pillar Chorme Trim တွေ ကိုလည်း ကြွကြွရွရွ မြင်ရမှာ ဖြစ်ပါတယ်။ အခု ZDX ရဲ့ အင်ဂျင်နီယာ ပိုင်းတည်ဆောက်မှု တွေကိုတော့ General Motors နဲ့ ပူးပေါင်း ဖန်တီးသွားမှာဖြစ်ပြီး GM ရဲ့ Ultium Battery အပြင် စက်ပိုင်းဆိုင်ရာ တွေကိုလည်း ယူသုံးလာ နိုင်ပါတယ်။ ဒါ့အပြင် GM ရဲ့ BEV3 Platform အသစ် ကိုလည်း အခုကားမှာ သုံးထားနိုင်ကာ အဆိုပါ Platform အသစ် ကတော့ Cadillac Lyriq နဲ့ Chevrolet Blazer EV လျှပ်စစ် ကား‌သစ်တွေမှာ သုံးထားပြီးလည်း ဖြစ်ပါတယ်။

Photo Credit: MotorAuthority

အခု ဆယ်စုနှစ် အဆုံးမှာ အရှိန်အဟုန်နဲ့ စတင်တော့မယ့် လျှပ်စစ်ကား ခေတ်သစ်ရဲ့ အသွင်ကို အခု Acura ZDX ကားသစ်က ‌မီးမောင်းထိုးပြနိုင်မှာဖြစ်ပြီး Acura Brand အနေနဲ့လည်း ကုမ္ပဏီရဲ့ ၂၀၅၀ အရောက် ကာဗွန် ထုတ်လုပ်မှု လုံးဝ မရှိစေရဆိုတဲ့ ရည်မှန်းချက်ကို ဖြည့်ဆည်း‌မယ့် နေရာမှာ သေချာပေါက် ပါဝင်လာမှာ ဖြစ်တယ်ဆိုပြီး Acura National Sales ရဲ့ Assistant Vice President ဖြစ်သူ Emile Korkor က ဆိုထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ တုန်းကတော့ မိခင်ကုမ္ပဏီ ဖြစ်တဲ့ Honda ရဲ့ Global CEO ဖြစ်သူ Toshihiro Mibe က လာမယ့် ၂၀၅၀ အရောက်မှာ ကာဗွန် ထုတ်လုပ်မှု လုံးဝမရှိတော့တဲ့ ကုမ္ပဏီဖြစ်အောင် ရည်မှန်းထားတယ်လို့ ထုတ်ပြောခဲ့ပြီး လာမယ့် ၂၀၄၀ က စကာ ဘက်ထရီ လျှပ်စစ်ကားတွေနဲ့ ဟိုက်ဒရိုဂျင် Fuel Cell ကားတွေပဲ ရောင်းချသွားတော့မှာ ဖြစ်ပါတယ်။ Acura အနေနဲ့ ကတော့ အခု ZDX ကားသစ် ပြီးရင် လာမယ့် ၂၀၂၆ အရောက်မှာ သူတို့ရဲ့ ကိုယ်ပိုင် e: Architecture အသစ် ကို သုံးထားမယ့် လျှပ်စစ်ကားသစ်တွေ ဆက်လက် ထုတ်လုပ်လာတော့မှာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority