Acura ရဲ့ PMC သီးသန့် Edition တွေကို လိုချင်သူတွေ အဖို့ကတော့ 2023 Acura TLX Type S က နောက်ဆုံး ထွက်အကောင်းဆုံး ဖြစ်နေတော့မှာပါ။ အဆိုပါ ကားသစ် တွေကိုတော့ အခုနှစ် နှောင်းပိုင်း လောက်မှာတင် စတင် ထုတ်လုပ်တော့မှာ ဖြစ်တယ်လို့ Acura ကိုယ်တိုင်က အတည်ပြု ပေးလိုက်ပါပြီ။ PMC ဆိုတာကတော့ Performance Manufacturing Center လို့ အဓိပ္ပါယ်ရပြီး အမေရိကန်နိုင်ငံ ၊ အိုဟိုင်းယိုးမှာ အခြေစိုက်ထားတဲ့ စွမ်းဆောင်ရည်အသားပေး သီးသန့် စက်ရုံဖြစ်ကာ Acura NSX ကို ထုတ် လုပ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ TLX Type S အနေနဲ့ အခုလို PMC က အဆင့်မြှင့်တင် ပေးတာကို ရလာနိုင်ခဲ့တဲ့ နောက်ထပ် မော်ဒယ်တစ်မျိုး ဖြစ်လာခဲ့ပြီး သူ့ရှေ့ မှာ ဆိုရင်တော့ RDX ၊ MDX နဲ့ TLX မျိုးဆက်ဟောင်းတွေလည်း ရရှိခဲ့ကြပြီး ဖြစ်ပါတယ်။ PMC Edition တွေကိုတော့ NSX ကို ဖန်တီးခဲ့ကြတဲ့ ပညာရှင်တွေကပဲ စက်ပိုင်းထက်စာရင် လက်မှုပညာနဲ့ ဖန်တီးပေးထားတာ ဖြစ်ကာ ၊  NSX ဆီ က အရောင်တွေကိုလည်း ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

Acura အနေနဲ့ TLX Type S PMC Edition ကားသစ်တွေမှာ အဆိုပါ NSX ဆီက အရောင် ၃ မျိုး ဖြစ်တဲ့ Curva Red ၊ 130R white နဲ့ Long Beach Blue ဆိုတဲ့ အရောင်တွေကို ထည့်သွင်းပေးသွားမှာ ဖြစ်ပါ တယ်။ Curva Red ဆိုတဲ့ အရောင် နဲ့ Sedan ကားတွေမှာ ဆိုရင်တော့ အနီရောင် အစင်းကြောင်းလေးတွေ လှလှပပထပ်ထည့်ပေးထားမယ့် Ebony အရောင် အတွင်းခန်းကို ရရှိနိုင်မှာ ဖြစ်ပြီး ၊ Long Beach Blue အရောင်နဲ့ ကားမှာဆိုရင်တော့ အပြာရောင် အစင်းလေးတွေနဲ့ Orchid အပြာရောင် အတွင်းခန်းကို ရရှိနိုင် မှာပါ။ 130R White အဖြူရောင်ကားမှာ ဆိုရင်တော့ ထူးထူးခြားခြားပဲ အတွင်းခန်းက အနီရောင် ဖြစ်နေပါ လိမ့်မယ်။ အဆိုပါ ကား Version တွေ အကုန်လုံးမှာတော့ Milano Leather Upholstery တွေကို ထည့် ပေးထားမှာဖြစ်ပြီး Synthetic Suede Inserts လေးတွေနဲ့အတူ ကာဗွန်ဖိုက်ဘာ အတွင်းခန်း Trim တွေကို လည်း ထည့်ပေးထားဦးမှာပါ။ ကာတစ်စီး ချင်းစီကတော့ သီးသန့် နံပါတ် လေးတွေ တပ်ထားတဲ့ Plaque တွေ ရရှိမှာဖြစ်ပြီး Acura အနေနဲ့ ကားအစီးရေ ဘယ်လောက်အထိ ထုတ်လုပ်မယ် ဆိုတာကို မပြောကြား ထားသေးပေမယ့် ယခင် PMC Edition တွေကိုလည်း အရေအတွက် အကန့်အသတ်နဲ့ပဲ ထုတ်ပေးထားတာ ဖြစ်ပါတယ်။ RDX PMC Edition နဲ့ ယခင် မျိုးဆက်ဟောင်း TLX PMC Edition တွေကိုဆိုရင် အစီး ရေ ၃၆၀ နဲ့ MDX PMC Edition ကားတွေတုန်းက ဆိုရင်တော့ အစီးရေ ၃၃၀ ပဲ ထုတ်လုပ်ပေး ခဲ့တာပါ။

Photo Credit: MotorAuthority

အရောင်တွေ သီးသန့်နဲ့ အထူးထုတ်လို သီးခြားဖြစ်စေနေမယ့် ကားတွေဖြစ်တာကြောင့် TLX Type S PMC Edition ကားတွေကို ဆိုရင် Berlina Black ဆိုတဲ့ အနက်ရောင်ကို  အမိုး ၊ အင်တာနာနေရာနဲ့ တံခါးလက် ကိုင်တွေမှာ သုံးထား ပေးမှာပါ။ ဒါ့အပြင် အနက်ရောင် Chrome အိတ်ဇောပိုက်တွေနဲ့ ကော့ပါး အရောင် လက်မ ၂၀ အရွယ်ဘီးတွေ ကိုလည်း တပ်ဆင် ပေးထားပါသေးတယ်။ အပြင်ဘက်မှာ ဆိုရင်လည်း ကာဗွန် ဖိုက်ဘာ သားတွေကို Decklid Spoiler နေရာနဲ့ အနောက်ဘက် Diffuser နေရာတွေ အပါအဝင် တစ်ချို့ နေရာ အတော် များများမှာ ထည့်ပေးထားသေးတာ ဖြစ်ပါတယ်။ PMC Edition တွေ ဆိုတာကတော့ NSX ရဲ့ အရည်အသွေးပိုင်းတွေ အတိုင်း ထုတ်လုပ်ပေးသွားမှာ ဖြစ်တယ်လို့ Acura က အာမခံ ထားပါတယ်။ အဆိုပါ အရည်အသွေးပိုင်းတွေ တိကျစေဖို့အတွက် စစ်ဆေးမှု တွေထဲမှာ ဆိုရင် Dyno Check ပြုလုပ်တာ၊ အရောင်ကို စမ်းသပ်တာတွေနဲ့ လမ်းကြမ်းပိုင်း အရင်မောင်းကြည့်တာမျိုးတွေလည်း ပါဝင်နေမှာ ဖြစ်ပါ တယ်။ ကားတွေကို သက်ဆိုင်ရာ ဈေးကွက်တွေဆီ ပို့ဆောင်ရာမှာလည်း အထူးဒီဇိုင်း ထုတ်ထားတဲ့ကားကြီး တွေနဲ့ တစ်စီးကို တစ်စီးပဲတင်ပြီး သေချာပို့ဆောင်ပေးမှာဖြစ်ကာ ပုံမှန်အားဖြင့်တော့ အခုလို အနေအထား မျိုးကို အဆင့်မြင့်ဆုံးသော Supercar တွေမှာပဲ တွေ့ရလေ့ရှိတာပါ။ အဆိုပါ ကားသစ်တွေကို မှာယူထားသူ တွေထံ အခု နှစ်ကုန်ပိုင်းလောက် ထုတ်လုပ်ပြီးတာနဲ့ ဆက်တိုက်ရောက်ရှိလာနိုင်မယ်လို့ ခန့်မှန်း ရပါတယ်။

Ref: MotorAuthority