GM ရဲ့ မောင်းသူမဲ့ တက္ကစီဝန်ဆောင်မှု Robotaxi တို့ကတော့ အမေရိက ဈေးကွက်ထဲမှာတင် တိုးတက်မှုတွေ မြန်ဆန်လာနေပြီး ပြီးခဲ့တဲ့ နွေရာသီမှာတင် ဆန်ဖရန်စစ္စကို မြို့ကြီးရဲ့ လမ်းတွေပေါ် စတင်ရောက်ရှိ လာခဲ့ပါတယ်။ ဒါပေမယ့် ဒါက အစသာ ရှိသေးတယ်လို့ ဆိုနိုင်ပြီး အခုလာမယ့်နှစ်ကစလို့ အခြားသော မြို့တွေနဲ့ ဈေးကွက်အသစ် တွေအထိကို နယ်ချဲ့လာတော့မယ်လို့လည်း သိရပါတယ်။ GM ရဲ့ Robotaxi ပိုင်းကို Cruise ဆိုတဲ့ နာမည်နဲ့ သီးခြား လုပ်ကိုင်နေပြီး လုပ်ငန်းရဲ့ Chief Operating Officer ဖြစ်သူ Gil West ကလည်း သူတို့ရဲ့ ဝန်ဆောင်မှုတွေကို အော်စတင် ပြည်နယ်နဲ့ ဖီးနစ်ပြည်နယ်တွေမှာ ဆက်လက် ချဲ့ထွင်လာ တော့မယ်လို့ ဆိုထားခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ ပြည်နယ် ၂ ခုအပြီးမှာ ဘယ်မြို့တွေဆီ ဆက်ပြီး နယ်ချဲ့လာမလဲ ဆိုတာကိုတော့ ကုမ္ပဏီဘက်က အတိအကျ မဖော်ပြထားသေးပဲ အဓိက ရည်မှန်းချက်ကတော့ မောင်းသူမဲ့စနစ်ကို ရေရှည်အတွက် ဒီမြို့ ၃ မြို့ကအစပြုလို့ အခြေချချင်တာပဲ ဖြစ်ပါတယ်။
Cruise ရဲ့ ခြေလှမ်းသစ် တွေနဲ့ ပတ်သက်လို့ ပိုပြီးစိတ်ဝင်စားစရာ ကောင်းတာကတော့ လတ်တလောမှာ ပစ္စည်း ပို့ဆောင်ရေး ယာဉ်တွေကိုပါ မောင်းသူမဲ့ စနစ်နဲ့ စမ်းသပ်နေတာ ဖြစ်ပြီး ဒီ စီမံကိန်းမှာ နာမည်ကြီး Walmart လည်း ပါဝင် နေတာပါ။ လက်ရှိမှာတော့ အဆိုပါ မောင်းသူမဲ့ကားတွေကို ဖီးနစ်မှာရှိတဲ့ ဆိုင် ၈ ဆိုင်နဲ့ပဲ ချိတ်ဆက် စမ်းသပ်နေကာ အနာဂတ် စီပွားရေးလုပ်ငန်းတွေ အတွက်လည်း အရေးပါတဲ့ နေရာကနေ ပါဝင်လာနေတာတော့ သေချာပါတယ်။
လက်ရှိမှာတော့ Cruise အနေနဲ့ Chevrolet Bolt ကားသစ် အစီးရေ ၃၀ ကို ဆန်ဖရန်စစ္စကို မြို့ကြီး တစ်ဝိုက်မှာ ပြေးဆွဲပေးနေပြီဖြစ်ပြီး မကြာခင်မှာ ဒီထက်ပိုပြီး ပြေးဆွဲပေးနိုင်ဖို့လည်း ပြင်ဆင်နေတာပါ။ အစပိုင်း မှာတော့ ဝန်ဆောင်မှုကို ပိုပြီး လူသိများလာ စေဖို့အတွက် အခမဲ့ အနေနဲ့ပဲ ပြေးဆွဲပေးနေပြီး Cruise Account တစ်ခုရှိဖို့ တော့ လိုအပ်မှာ ဖြစ်ပါတယ်။ လက်ရှိ အချိန်အထိတော့ ကားသစ်တွေ အများအပြား ထပ် မထည့်ပေးနိုင်သေးခင် အထိ အော်ဒါရမှ ထွက်ပေးတဲ့ စနစ်ပဲ အသုံး ပြုနေသေးတာတွေ့ရမှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် အခုစနစ်က အစပိုင်း ပဲ ရှိသေးတာကြောင့် ကန့်သတ်ချက် တစ်ချို့တော့ ရှိနေဆဲဖြစ်ပြီး ဝန်ဆောင် မှုကို အသုံးပြုချင်တယ် ဆိုရင် ပထမဆုံး စောင့်ဆိုင်း စာရင်းထဲပါဖို့ စာရင်းသွင်းရမှာဖြစ်ကာ အသုံးပြုလို့ ရပြီဆိုတဲ့ အကြောင်းကြားစာရရင်တော့ အသက် ၁၈ အထက် ခရီးသည် ၂ ဦးနဲ့ စီးနင်းနိုင်ပြီ ဖြစ်ပါတယ်။ လောလောဆယ် အထိတော့ ကလေးတွေနဲ့ အိမ်မွေး တိရစ္ဆာန်လေးတွေကို သယ်ဆောင်ခွင့် မပေးထားသေးတာပဲ ဖြစ်ပါတယ်။
Ref: motor 1.com