ခေါက်သိမ်းလို့ ရတဲ့ စက်ဘီးတွေ ဆိုတာကတော့ ဟိုးယခင်ကတည်းက ဖန်တီးဖို့ အတွက် စိတ်ကူးယဉ် ခဲ့ကြဖူးတဲ့ စက်ဘီးလေးတွေ ဖြစ်ပါ တယ်။ အထူးသဖြင့် လွယ်လွယ်ကူကူ ပေါ့ပေါ့ပါးပါးနဲ့ ဖန်တီးထားမယ့် အဆိုပါ ခေါက် စက်ဘီး လေး တွေကဆိုရင် Bromptons နဲ့ Raleighs တို့ ဆီကလည်း အစောပိုင်း ကတည်းက စတင်ထွက်ရှိလာခဲ့ ဖူးပါတယ်။ အခု ဆိုရင်တော့ လျှပ်စစ်စက်ဘီးတွေ ဆိုတာကလည်း မျိုးဆက်သစ် တစ်ရပ်အနေနဲ့ စတင် ထွန်းကားလာနေပြီ ဖြစ်တာကြောင့် လျှပ်စစ် စွမ်းအင်နဲ့ ခေါက်စက်ဘီး ဆိုတာမျိုးတွေကို ယခင်က ထက် ပိုပြီး လိုချင်လာကြပြီပဲ ဖြစ်ပါတယ်။ ဒါ့အပြင် စက်ဘီးတွေ ဆိုပေမယ့်လည်း ခပ်ဝေးဝေး ခရီးတွေကို သက်တောင့်သက်သာ ရှိရှိ သွား နိုင်ဖို့ အတွက် ပိုပြီးလိုအပ်လာကြတာပဲ ဖြစ်ပါတယ်။ လက်တွေ့ အတော်လေး ဆန်ပြီး အသုံးတည့်တဲ့ ထုတ်ကုန်တွေ အကြောင်း ပြောကြ မယ် ဆိုရင်တော့ Ducati က နာမည်ကြီးချင်မှ ကြီးပါလိမ့်မယ်။ အခုဆိုရင်တော့ အဆိုပါ အီတလီ စက်ဘီးထုတ်လုပ်ရေး ကုမ္ပဏီကြီးကနေ ကမ္ဘာပေါ်မှာ လက်ရှိ အမြန်ဆုံးနဲ့ စွမ်းဆောင်ရည် အမြင့်ဆုံး သာမန် ဘက်ထရီ စက်ဘီးလေးတစ်စီးကို စတင် ချပြလိုက်ပြီပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Brand ကတော့ အနာဂါတ်မှာ အခု လို မျိုး လျှပ်စစ် စွမ်းအင်ဘက်ကိုပဲ သီးသန့် ကူးပြောင်းတော့မှာလား ဆိုတာကတော့ မသေချာသေးပါဘူး။ လက်ရှိမှာ တော့ ကုမ္ပဏီ အနေနဲ့ လျှပ်စစ် စက်ဘီးတွေနဲ့ လျှပ်စစ် စကူတာ အများအပြားကို ထုတ်လုပ်နေတာဖြစ်ပြီး MIG-S တို့လို တောင်တက် လျှပ်စစ်ဘီးတွေ ဆိုရင်လည်း အတော်လေး နာမည်ရထားပါတယ်။ ဒါကြောင့် အခု အသစ် ပေါ်လာတဲ့ MG-20 ခေါက် စက်ဘီးလေးကလည်း စွမ်းဆောင်ရည်တွေ အတော်လေး ကိုမှ ကောင်းမွန်လှတဲ့ စက်ဘီး လေးတစ်စီး ဖြစ်နေမယ် ဆိုတာ တော့ သံသယ ဖြစ်စရာကို မရှိတာ အမှန်ပါ။
အခု MG 20 ကတော့ ကုမ္ပဏီ ရဲ့ ပထမဆုံးသော ခေါက်လို့ရတဲ့ လျှပ်စစ် ဘီးလေးလည်း ဖြစ်ပြီး လေဟုန်ကို ခွင်းသွားနိုင်မယ့် ခပ်ပေါ့ပေါ့ ဒီဇိုင်းလေးဟာ Dugati ရဲ့ ပြိုင်ဘီးတွေ အသွင်ကိုလည်း ဆက်ထိန်းပေးနိုင်တဲ့ ရိုးရှင်းတဲ့ ပုံစံ လေးလည်း ဖြစ်ပါတယ်။ အထူးသဖြင့် အခု စက်ဘီးလေးကိုတော့ မြို့တွင်းတွေမှာ စီးနင်းရ အဆင်ပြေစေဖို့ရယ် နဲ့ လမ်းမ ထက်မှာ ပေါ့ပေါး နေစေဖို့ ရည်ရွယ် ဖန်တီးထားတာပါ။ စက်ဘီးရဲ့ ကိုယ်ထည်တွေ လက်ကိုင်တွေနဲ့ ကွင်းတွေ နေရာမှာ ဆိုရင်လည်း အတော်လေး ပေါ့ပါး ပြီးခိုင်မာတဲ့ မဂ္ဂနီဆီယမ်တွေ သုံးပေး ထားကာ ခံနိုင်ရည်လည်း အတော် ရှိမှာ ဖြစ်ပါတယ်။ အဆိုပါ စက်ဘီးလေးရဲ့ ဘီးအရွယ် တွေကတော့ လက်မ ၂၀ ရှိပြီး အမြန်ပဲ အလွယ် တကူ ခေါက် သိမ်းလိုက်နိုင်တဲ့ ပုံစံ ဖြစ်တာကြောင့် နေရာလည်း မယူတဲ့ စက်ဘီးလေး ဖြစ်ကာ သာမန် အိမ်သုံးဖို့ အပြင် လုပ်ငန်းသုံး ဖို့ အတွက်ပါ အတော်လေး အဆင်ပြေစေပါလိမ့်မယ်။ စွမ်းဆောင်ရည်ပိုင်းမှာ ဆိုရင်တော့ အနောက်ဘက် မှာတပ်ဆင် ထားတဲ့ 250 W လျှပ်စစ်မော်တာ ၊ 36 V 10.5 Ah 378 Wh SAMSUNG ဘက်ထရီတွေ ကြောင့် တစ်ခါ အားသွင်းထားရင် လုံးဝမနင်းပဲ စီးရင်တောင် ကီလို ၅၀ လောက် အထိ သွားနိုင်မှာပါ။ ဒါ့အပြင် အမြင့်ဆုံး မြန်နှုန်းကလည်း တစ်နာရီ ကီလို ၅၀ အထိ ရှိထားပြီး e-Bike တွေရဲ့ စည်းမျဉ်း တွေနဲ့ ကိုက်ညီအောင်လည်း ဖန်တီးထား တာ ဖြစ်ပါတယ်။
ဘက်ထရီ ကတော့ စက်ဘီး ကိုယ်ထည်ထဲမှာ ထည့်ထားတယ် ဆိုပေမယ့် အိမ်မှာပဲ ဖြစ်ဖြစ် ဘယ်မှာပဲ ဖြစ်ဖြစ် အလွယ်တကူ ဖြုတ်တပ် ကာ အားသွင်းနိုင်မှာပါ။ ရေစိုခံတဲ့ LCD Panel လေးကိုလည်း စက်ဘီး လက်ကိုင်တွေပေါ်မှာ ကျကျနန တပ်ဆင်ပေးထားတာကြောင့် ဘေးဘက်ကွေ့ဖို့ အချက်ပြထားတာတွေ Pedal Assistance လိုမျိုး အကူအညီတွေ ကိုကအစ အလွယ်တကူ ပြုလုပ်သွားနိုင်မှာပဲ ဖြစ်ပါ တယ်။ ညဘက်မှာ အဆင်ပြေစေဖို့ အတွက် ဆိုရင်လည်း အရှေ့ဘက်က LED မီးအိမ်တွေကြောင့် မြင်ကွင်းကို ရှင်းလင်းတိကျ နေစေမှာ ဖြစ်ကာ လုံခြုံ စိတ်ချရပါလိမ့်မယ်။ Ducati MG-20 ဆိုတဲ့ အခု လျှပ်စစ် ခေါက်စက်ဘီးလေးကိုတော့ အမေရိကန် ဒေါ်လာ ၁,၆၆၃ လောက်နဲ့ ဝယ်ယူ နိုင်မှာပဲ ဖြစ်ပါတယ်။
Ref: InsideEvs

