အမေရိကန်နိုင်ငံ မူပိုင်ခွင့်ရုံးဆီကိုတော့ နာမည်ကြီး ကားကုမ္ပဏီ Ford ရဲ့ ထူးထူးခြားခြား နည်းပညာအသစ် တစ်ခု ရောက်ရှိလို့လာပါတယ်။ တကယ်လို့များ လက်ကလည်း မမောင်းခြေထောက်ကလည်း မနင်းပဲ ဦးနှောက်က တွေးလိုက်တိုင်း ကားကလိုက်မောင်းနေမယ်ဆိုရင် စိတ်လှုပ်ရှားစရာ ‌အတွေ့အကြုံတစ်ခု ဖြစ် လာနိုင်ပါတယ်။ ဟုတ်ပါတယ် ၊ အခု Ford ရဲ့ စနစ်ကတော့ အခုအတိုင်းပါပဲ။ Brain Machine Interface လို့ အမည်ပေးထားတဲ့ အခု စနစ်အသစ်မှာ စိတ်ကနေပဲ အလိုအလျောက် ကားတစ်စီးလုံးကို ထိန်းချုပ်နေ တော့မှာ ဖြစ်ပါတယ်။ အဆိုပါ စနစ်မှာ တော့ အဓိကအားဖြင့် ယာဉ်မောင်းဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေ အကုန်လုံးကို စက်တစ်မျိုးနဲ့ ထိန်းချုပ် စောင့်ကြည့်မှာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ယာဉ်မောင်းရဲ့ ‌ဦးနှောက်လှိုင်းတွေ အပြောင်းအလဲ ၊ ကြွက် သားလှုပ်ရှားမှု စတာတွေကို သေချာကြည့်ပြီး ခန့်မှန်းကာ ကား ကို ထိန်းချုပ်နိုင်မှာပါ။ ဥပမာအားဖြင့်ဆိုရင် ယာဉ်မောင်းက စတီယာတိုင်ကို လှည့်တော့မယ်လို့ စိတ်ထဲက တွေးလိုက်တိုင်း စတီယာတိုင်ကို လိုသလို ‌လှည့်ပေးပြီးသား ဖြစ်နေမှာပါ။

Photo Credit: MotorAuthority

အဆိုပါ အချက်အလက်တွေကို ကားရဲ့ Driver Assist စနစ် တစ်ခုခုနဲ့ ချိတ်ဆက် ပေးထားမှာဖြစ်ပြီး လိုသ လိုလည်း အမှားအမှန်တွေကိုချိန်ညှိပေးဦးမှာပါ။ အခု စနစ်အရဆိုရင်တော့ တွေးတောလိုက်သမျှကို အထိန်း အကွပ်မဲ့ လိုက်လုပ်မှာတော့ မဟုတ်ပဲ စိတ်ချရတဲ့ အနေအထားအတွက်ကိုပဲ ယာဉ်မောင်းရဲ့ စေခိုင်းချက် အတိုင်း လုပ်ဆောင် ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ Brain Machine Interface အနေနဲ့ ကားရဲ့ Sensors တွေ ၊ Control Unit တွေနဲ့ ချိတ်ဆက်ပေးထားပြီး လက်ရှိမှာလည်း ကားအသစ် အတော် များများမှာသုံးနေတဲ့ စနစ်တွေနဲ့တစ်ပါတည်း ချိတ်ဆက်အသုံးပြုနိုင်မှာပါ။ ဒါပေမယ့် တစ်ခု လက်တွေ့မကျ စရာကတော့ အခု စနစ်ကို သုံးမယ်ဆိုရင် ယာဉ်မောင်းတွေအနေနဲ့ Sensor တွေပါဝင်တဲ့ ဦးထုပ်လို ကိရိယာ တစ်ခုကို ဆောင်းထား ရမယ် ဆိုတာပါပဲ။

Photo Credit: MotorAuthority

အခု စနစ်ကို အသစ်ထွက်လာမယ့် ကားတွေမှာ ထည့်သွင်းလာနိုင်ဖို့ ဆိုတာ မသေချာသေးပဲ အိပ်မက်ဆန် လွန်း နေပါသေးတယ်။ တစ်ခါတစ်လေမှာတော့ ကားကုမ္ပဏီတွေက စဉ်းစားလို့ရသမျှ အိုင်ဒီယာ အဆန်း တွေကို မူပိုင်ခွင့် ရချင်လို့သာ မှတ်ပုံတင်လေ့ ရှိကြတာဖြစ်ပြီး တကယ့်လက်တွေ့မှာ အကောင်အထည်ဖော် ဖို့ အတွက် မသေချာမှုတွေ နဲ့သာ ရှိတတ်ကြပါတယ်။ Ford ကတော့ နောက်ပိုင်းမှာ အခုလို နည်းပညာ အသစ်အဆန်းတွေကို စဉ်းစားနေရတာ နဲ့ အလုပ်ရှုပ်နေတတ်တာ တွေ့ရပြီး မကြာသေးခင် တုန်းကလည်း Trisected Pickup Truck Tailgate ဆိုတဲ့ နောက်ဖုံး ဒီဇိုင်းအဆန်း နဲ့ Manual ဂီယာ ကားတွေအတွက် လျှပ်စစ်စနစ်သုံး ကလပ်ကို တီထွင်ဖို့ မူပိုင်ခွင့် မှတ်ပုံတင်ခဲ့ ပါသေးတယ်။ အခု ဖော်ပြထားတဲ့ ဦးနှောက်‌နဲ့ စေခိုင်းမယ့်စနစ်ကတော့ Ford ရဲ့ Blue Cruise လို Driver Assist  နည်းပညာ မျိုးအတွက် အဆင်ပြေ ကောင်း ပြေနိုင်ပြီး ဦးနှောက်နဲ့ ထိန်းချုပ်တဲ့အထိ မဟုတ်သေးရင်တောင် မှ ယာဉ်မောင်းတွေအတွက် အထောက်အကူ ပြုနိုင်မယ့် အဆင့်မြင့် ထိန်းချုပ်မှုတွေတော့ ဖြစ်လာနိုင်ပါတယ်။

Ref: MotorAuthority