Bentley ဆိုတာကတော့ ကမ္ဘာစစ်မဖြစ်ခင် ခေတ်ဦးပိုင်းနဲ့ အခုနောက်ပိုင်း ခေတ်သစ် ဖန်တီးမှုတွေ ခိုင်ခိုင်မာမာ ရှိထားပြီး သမိုင်းကြောင်း မသေးလှတဲ့ ကားကုမ္ပဏီကြီးပဲ ဖြစ်ပါတယ်။ အခုဆိုရင်‌လည်း ဒီနှစ်ထဲမှာ သူတို့ရဲ့ မူလ Original R-Type Bentley Continental ကား တွေ စတင် ထုတ်လုပ်ခဲ့တာ နှစ် ၇၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပြီး အမှတ်တရ ဖြစ်စေဖို့အတွက် Bentley ကလည်း သူတို့ရဲ့ မူလကားနဲ့ နောက် ဆုံးထွက်ထားတဲ့ မျိုးဆက်သစ်ကား တွေကို ယှဉ်တွဲပြီး လှပတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးခဲ့ ကြပါတယ်။ အဆိုပါ ကား ၂ စီး ဘေးချင်း ယှဉ်ရပ် ထားတာနဲ့တင် ဘယ်လောက် အထိကို ခေတ်တွေ ကွာသွားပြီလဲ ဆိုတာကို မြင်နိုင်သလို သမိုင်းကြောင်း တစ်ခုရဲ့ ခမ်းနားမှုကိုလည်း ထည် ထည်ဝါဝါ မြင်တွေ့ နိုင်မှာပါ။ အဆိုပါ R-Type မူလကားကတော့ Continental ဆိုတဲ့ နာမည်ကို ပထမဆုံး စတင်ရခဲ့တာလည်း ဖြစ်ပြီး ၁၉၅၀ ခုနှစ်တွေ တုန်းက အစီးရေ စုစုပေါင်း ၂၀၈ စီးပဲ သီးသန့် ထုတ်လုပ်ပေး ခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါ အချိန်တုန်းကတော့ ကမ္ဘာပေါ်မှာ အမြန်ဆုံးသော လေးဘီးတပ် ကားတွေ ဖြစ်ခဲ့ကာဈေးလည်း အကြီးဆုံးပါပဲ။ Brand အနေနဲ့ ကတော့ အဆိုပါ အချိန်တုန်းက ဆိုရင် ဥရောပ ငွေကြေးနဲ့ $ 7,000 လောက် အထိ ရှိခဲ့တာဖြစ်ပြီး အခုခေတ် ဆိုရင်တော့ $ 81 K ပမာဏ လောက်ကို တန်ကြေးရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါ အချိန်တုန်းက ယူကေက အိမ်တစ်လုံးရဲ့ လေးဆလောက်ကို ပိုဈေးကြီးတဲ့ ပမာဏအထိ တန်ကြေးရှိခဲ့တဲ့ ကားတွေပါပဲ။

Photo Credit: CARBUZZ

Bentley ကတော့ အဆိုပါခေတ်က မူလ Continental ကားတွေ ဖန်တီးခဲ့မှု‌အတွက် အင်ဂျင်နီယာ ဖြစ်တဲ့ Ivan Evernden နဲ့ ဒီဇိုင်းပိုင်း အဓိက တာဝန်ယူခဲ့သူ John Blatchley တို့ကိုလည်း ပြန်ပြီး အမှတ်ရ အသိအမှတ် ပြုခဲ့ ပါတယ်။ ကားရဲ့ ဒီဇိုင်းကတော့ MK 5 Corniche နဲ့ Coach ကားကြီးတွေ ဖန်တီးတဲ့ ကမ္ဘာစစ် မတိုင်မီ မော်ဒယ်တွေရဲ့ ပုံစံတွေအကြား အရောပုံ တစ်မျိုးဖြစ်ခဲ့ပြီး 4.5 Liter Inline-Six အင်ဂျင်နဲ့ ဖန်တီးခဲ့တာလည်း ဖြစ်ပါတယ်။ စွမ်းဆောင်ရည် ဆိုရင်လည်း 153 hp အထိ ရှိခဲ့ပြီး ခေတ်ဟောင်း ကားတွေအတွက် ကတော့ အံ့အားသင့်လောက် စရာ စွမ်းဆောင်ရည် ဖြစ်ကာ ဂီယာအသစ်နဲ့ မောင်းရတာလည်း အတော်လေး အဆင့်အတန်းမြင့် ခဲ့ပါတယ်။ ရလဒ် ကတော့ တစ်နာရီကို ၁၂၀ မိုင် အထိ အမြင့်ဆုံး မောင်းနှင်နိုင်ခဲ့တာပဲ ဖြစ်ပြီး Bentley ကတော့ အဆိုပါ အချိန်တုန်းက သိပ် မကောင်းသေး တဲ့ တာယာတွေကြောင့် Dunlop ရာဘာ အထူးထုတ်တွေကို အသုံးပြုခဲ့ပါတယ်။ Bugatti Veyron တို့ သူတို့ရဲ့ ကားတွေမှာ အရှိန်နှုန်းကို ထိန်းနိုင်ဖို့ သုံးထားသလို မျိုးကို အဆိုပါ ကားတွေမှာ စသုံးခဲ့တာပါ။ ဒါ့အပြင် သူ့ ခေတ် သူ့အခါနဲ့တော့ တကယ်ကို ပေါ့ပါးတဲ့ ကားတစ်စီး ဖြစ်အောင် ဖန်တီးနိုင်ခဲ့ပြီး ကိုယ်ထည်တွေ ၊ တံခါးဘောင် တွေ ၊ လေကာ မှန်ပတ်ပတ်လည်တွေ ၊ အနောက်ဘက် မီးအိမ်တွေ ၊ ထိုင်ခုံ ဘောင်တွေနဲ့ ဘန်ဘာတွေကအစ အလူ မီနီယံတွေ သုံးပေးနိုင် ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

ခေတ်ပေါ် နောက်ဆုံးထွက် Continental GT Speed ကားသစ် ဆိုရင်လည်း ‌အလေးချိန်အားဖြင့် ၅,၀၁၁ ပေါင်ပဲ ရှိပြီး စွမ်းဆောင်ရည် အရမ်းအသားပေးတဲ့ ကားမဟုတ်ပေမယ့်လည်း 650 hp နဲ့ 664 lb-ft Torque အထိ  လုပ်အားနှုန်း ရှိထား ပါတယ်။ Continental အသစ် ကတော့ Original R-Type အတိုင်းပဲ အခု ခေတ်မှာလည်း ဂုဏ်ပုဒ်အရရော စွမ်းဆောင်ရည် ပိုင်းတွေမှာပါ မြင့်မြင့်မားမား ဖြစ်အောင် ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ကာ ဒီဇိုင်းပိုင်း တစ်ချို့မှာ လည်း အဆိုပါ မူလကားထဲက အတိုင်း တစ်ချို့ကို ပြန်သုံးပေးထားဆဲ ဖြစ် ပါတယ်။ အထူးသဖြင့် ယခင် ကတည်းက နာမည်ရခဲ့တဲ့ Headlamp မီးလုံး လေးလုံးတွဲ တပ်ဆင်ပေးထားတာမျိုးကို ပြန်လည်သုံးပေးထား တာ ဖြစ်ပြီး ကိုယ်ထည်နဲ့ အရှေ့ဘက် အချိုးအစားတွေကလည်း မူလကားကို ပြန်ပြီး နမူနာယူကာ ဖန်တီး ပေးထားတာပဲ ဖြစ်ပါတယ်။ အနောက်ဘက် ကတော့ ခေတ်ဟောင်း သိပ်မဆန်ဘူးလို့ ဆိုနိုင်ပေမယ့် R-Type ရဲ့ မူလဖန်တီးမှု အတွေး အခေါ်တွေကိုတော့ မစွန့်လွှတ် ထားသေးပဲ အထူးသဖြင့် အမိုးလေး ခုံးပြီးဆင်းသွားတာမျိုးကို ကြည့်ရင် သိသာ နိုင်ပါတယ်။ အခု ဆိုရင်တော့ နှစ်ပေါင်း ၇၀ တိတိကို ကြာမြင့်လာခဲ့ပြီ ဖြစ်ပေမယ့် Continental ကတော့ တကယ်ကို အထင်ကြီးစရာ ကောင်းလောက်တဲ့ နာမည်ကျော် ကားတစ်စီး အဖြစ် ဆက်ရှိနေဆဲ ဖြစ်ပြီး အခုလို ဘေးချင်းကပ် သေချာ ယှဉ်ကြည့်ခွင့် ရတာကိုက တကယ်ထူးခြားတဲ့ အမှတ်တရ ဖြစ်လို့နေပါပြီ။

Ref: carbuzz.com