လက်ရှိ ကမ္ဘာကြီးကတော့ စီးပွားရေးပဲ ဖြစ်ဖြစ် လူမှုပတ်ဝန်းကျင်ကိုပဲ ကြည့်ကြည့် နည်းပညာတွေနဲ့ပဲ လွှမ်းခြုံ ဆက်စပ်မှု ရှိနေတယ်ဆို တာတော့ ငြင်းလို့ မရနိုင်ပါဘူး။ အခုလိုနည်းပညာနဲ့ အားလုံးကို ချိတ်ဆက်ပေးထားတာကြောင့် လူ့ဘဝကြီးကလည်း ပိုနေလို့ ကောင်းလာ တာ အမှန်ဆိုပေမယ့် တစ်ချို့ နေရာတွေမှာတော့ လိုက်မမှီ အောင် တိုးတက်လာတဲ့ နည်းပညာတွေကြောင့် တစ်ချို့သော ရှုပ်ထွေးပြီး နည်း နည်းခေတ်နောက်ကျသွားတဲ့ အခြေခံပညာတွေကတော့ ပြတ်ကျန်ခဲ့ရပါပြီ။ အခုဆိုရင်လည်း ဆက်သွယ်ရေး နည်းပညာ ကွန်ရက်ဟောင်း တစ်ခု ဖြစ်လာတဲ့ 3G စနစ်တွေကို လာမယ့် ၂၀၂၂ မှာ ပိတ်ပစ်တော့မှာပါ။ လတ်တလော မှာတော့ 3G ထက် ပိုကောင်းတဲ့ နည်းပညာတွေ ကို အသုံးပြုနေကြပြီ ဖြစ်တာကြောင့် တစ်ချို့တွေ အတွက် သိပ်မဆန်းကြယ်တော့ ပေမယ့်လည်း လျှပ်စစ် ကားတွေ အားသွင်းတဲ့ နေရာမှာ တော့ ဒီကိစ္စက ပြဿနာတစ်ခု ဖြစ်လာနေပါတယ်။ အကြောင်းကတော့ အခု စနစ်ကို ပိတ်လိုက်မယ် ဆိုရင် လျှပ်စစ်ကားအားသွင်းတဲ့ စနစ် တွေပါ အလုပ်မလုပ် နိုင်တော့တာကို ကြုံလာ ရနိုင်ပြီး အခုဆိုရင်လည်း လတ်တလောကြုံရတာတွေပါ ရှိလာနေပါပြီ။ အမေရိကရဲ့ လျှပ်စစ် အားသွင်း ကွန်ရက် ကို ကြည့်မယ် ဆိုရင်တော့ GM ကုမ္ပဏီရဲ့ ဒေါ်လာ သန်းချီတန် ရင်းနှီးမြုပ်နှံမှုတွေကြောင့် ‌အတော်လေး တိုးတက်လာ ခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း ကုမ္ပဏီ အနေနဲ့ ပိုပြီးတိုးတက်လာအောင် 3G ကွန်ရက်တွေအစား ပိုပြီး ကောင်းမွန်တဲ့ 5G ကွန်ရက် တွေ အဖြစ် ပြောင်းလဲနေတာကြောင့် လက်ရှိမှာကိုပဲ တစ်ချို့သော အားသွင်း ကွန်ရက် တွေက Offline ဖြစ်ပြီး အလုပ်မလုပ်တော့တာတွေ ကို စတင် ကြုံတွေ့လာရနေပြီ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

အခုလိုမျိုး 3G ကွန်ရက်တွေ တဖြည်းဖြည်း ပျောက်ကွယ်သွားမယ် ဆိုရင်တော့ လက်ရှိမှာ အင်တာနက် ချိတ်ဆက် နိုင်တဲ့ ကားအဟောင်း တွေ အဖို့ အတော်လေး အသုံးမဝင် ဖြစ်သွားနိုင်ပြီး အထူးသဖြင့် Toyota 4Runner ၊ Audi Q3 နဲ့ Porsche 911 တို့လို ကားမျိုးတွေအထိ ပါဝင်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ နဖူးတွေ့ ဒူးတွေ့ ကြုံနေရတာ ကတော့ လျှပ်စစ်ကားတွေရဲ့ အားသွင်းဖို့ ခက်လာတဲ့ ပြဿနာပါပဲ။ အခုလက်ရှိ တစ်ချို့ ပြဿနာကြုံလာတဲ့ အားသွင်းရုံတွေ မှာဆိုရင် Credit Card ကို လက်မခံတော့တာမျိုး ၊ တစ်ချို့ သောအားသွင်းတာနဲ့ ဆိုင်တဲ့ အချက် အလက်တွေ User Acc တွေလည်း မမြင်ရတော့သလို ရုတ်တရက်မြေပုံတွေလည်း ပျောက်ကွက်ကုန်တာ ဖြစ်ပါတယ်။ လက်ရှိ ပြဿနာကို ကြုံနေရတဲ့ အားသွင်းရုံတွေအထဲ ChargePoint လို ကုမ္ပဏီ တွေလည်း ပါဝင်ပြီး ဖြေရှင်း နိုင်ဖို့အတွက်ကတော့ 3G ကိုပဲ Modem Upgrade Kits တွေသုံးကာ 4G ပြောင်းပေးနိုင်အောင် ကြိုး စားရဖို့ ရှိပါတယ်။ ဒါပေမယ့်လည်း ဒီအတွက် ကုန်ကစရိတ် တွေက ဘယ်လောက် ရှိဦးမလဲဆိုတာ မသိရသေးပါဘူး။ လက်ရှိ မှာတော့ အဆိုပါ ပြင်ဆင်မှုတွေ လုပ်မယ် ဆိုရင်တောင်မှ လူသုံးများပြီး လမ်းကြပ်တဲ့ နေရာတွေရဲ့ ပြဿနာ ဖြစ်နေတဲ့ အားသွင်းရုံတွေကို ဦးစားပေးပြင်ဆင်မယ်လို့ သိထားရပါတယ်။

Photo Credit: CARBUZZ

ဒီအတွက်တော့ လျှပ်စစ်ကား အားသွင်းကွန်ရက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Blink အနေနဲ့ကတော့ အခု 3G ကွန်ရက်တွေ ဖြတ်တောက် လာတာ ကြောင့် ကြီးကြီးမားမား ထိခိုက်ခဲ့ရပြီး ၂၀၁၉ နဲ့ ၂၀၂၁ တို့ အကြား တပ်ဆင်ထားခဲ့တဲ့ အားသွင်းရုံတွေ အပေါ်လည်း အကျိုးသက်ရောက်မှု ရှိမယ်လို့ သိရပါတယ်။ ဒါပေမယ့် အခု နောက်ပိုင်းမှ တပ်ဆင် ထားတဲ့ အားသွင်းကွန်ရက် အသစ်တွေကတော့ 4G LTE စနစ်တွေနဲ့ပဲ ဖြစ် လို့ အထိအခိုက်မရှိတော့ပါဘူး။ အမေရိကလိုနေရာမှာ DC Fast Charger အများအပြားကိုလည်ပတ်နေပြီး Model 3 လိုမျိုး နာမည်ကျော် လျှပ်စစ် ကားတွေကို ရောင်းချထားတဲ့ ထိပ်တန်း Tesla ကုမ္ပဏီကြီးကတော့ အခု ပြဿနာအပေါ်မှာ ဘာမှ ပြောကြား ထားခြင်း မရှိသေး ပါဘူး။ 3G ကွန်ရက် တွေ ဖြတ်တောက်တာနဲ့ ပတ်သက်လို့ကတော့ နည်းပညာ ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ Verizon က နောက်ဆုံးဖြစ်လာနိုင် ပြီး အခုနှစ်ကုန်လောက်မှာ အပြီး ပိတ်သိမ်းလာတော့မှာ ဖြစ်ပါတယ်။

Ref: carbuzz.com