Mazda ရဲ့ ပထမဆုံးသော Plugin Hybrid ကားဖြစ်လာမယ့် CX-60 ကိုတော့ လာမယ့် မတ်လ ၈ ရက်နေ့ မှာ တရားဝင် မိတ်ဆက်တော့မှာပဲ ဖြစ်ပါတယ်။ အဆိုပါ ကားနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက် တွေကို ကုမ္ပဏီ ဘက်ကနေ အများကြီး မပြောပြထားသေးပေမယ့်လည်း 2.5 Liter Four-Cylinder Engine ကိုတော့ လျှပ်စစ် မော်တာနဲ့ တွဲဖက်ပေးလာလိမ့်မယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း စွမ်းဆောင် ရည် ပိုင်းမှာကိုက 300 hp ကျော်အထိ ရှိလာမှာဖြစ်ကာ စွမ်းအင် ချွေတာနိုင်တဲ့ အလန်းစား စွမ်းဆောင်ရည် မျိုးကို ပေးစွမ်းနိုင်မှာလည်း ဖြစ်ပါတယ်။ အဆိုပါကားကိုတော့ အမေရိက ဈေးကွက်လောက်အထိ တင်သွင်း ဖြစ်မှာ မဟုတ်ပဲ အမေရိက ဈေးကွက်ထဲက Mazda ကားတွေ အနေနဲ့ ဆိုရင်တော့ CX-50 နဲ့အတူ ပိုကြီး မားတဲ့ CX-70 နဲ့ CX-80 တို့ပါ ရှိလာနိုင်တာ ဖြစ်ပါတယ်။
မနှစ်က နှောင်းပိုင်းလောက် ကတည်းက ပေါက်ကြားလာခဲ့တဲ့ CX-60 ကားသစ် သတင်းတွေအရတော့ Mazda က ရှေ့ဆက် ခြေလှမ်းတွေအတွက် ပထမအဆင့်ဖြစ်ပြီး နောက်ပိုင်းမှာလည်း CX-70 ၊ CX-80 နဲ့ လက်ရှိ ရှိပြီးသား CX-9 တို့ နောက်ဆက်တွဲ ပါလာဖို့ ရှိနေပါသေးတယ်။ အဓိက အခုလို SUV တွေ Crossover တွေ အတန်းလိုက်ထုတ်ပေးထားတဲ့ ရည်ရွယ်ချက်တစ်ခုကတော့ စွမ်းအင်ချွေတာနှုန်းသက်သာ စေတဲ့ ကား တန်းအဖြစ် ထားပေးချင်လို့ ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် CX-50 လို ကားမျိုးဆိုရင်လည်း CX-5 ရဲ့ အထက်ကနေ ထပ်မံပြီး ရွေးချယ်လို့ရတဲ့ ကားကောင်း တစ်စီးအဖြစ် ရှိနေတာမျိုးပါပဲ။ CX-50 ကားမှာတုန်းက ဆိုရင်တော့ SkyActiv-G 2.5 Liter Four- Cylinder Engine နဲ့ ပွဲထွက်လာခဲ့တာဖြစ်ပြီး Turbocharged စနစ်ကိုလည်း ရွေးချယ်ခွင့် ပေးထားခဲ့ပါသေးတယ်။ အဆိုပါ ကားရဲ့ စွမ်းဆောင်ရည်က တော့ 187 hp နဲ့ 186 lb-ft Torque အထိကို စွမ်းဆောင်နိုင်မှာ ဖြစ်ကာ ရွေးချယ် လို့ ရတာတွေ အကုန် ထပ်ထည့်ဦးမယ် ဆိုရင်တော့ 250 hp နဲ့ 320 lb-ft Torque အထိ ကို ရှိနေမှာပါ။ Mazda ဘက်ကတော့ အဆိုပါ ကားရဲ့ မျိုးကွဲတစ်စီး ဖြစ်မယ့် Hybrid ကားတစ်မျိုး ကိုလည်း Toyota ဆီက အစိတ်အပိုင်း တစ်ချို့ နဲ့အတူ ဖန်တီးမိတ်ဆက် လာဦးမယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် CX-60 နဲ့ CX-50 Hybrid အမျိုးအစားတွေ ဆိုရင်လည်း SkyActiv-G အင်ဂျင်အစား Lexus NX450h+ မှာ မြင်တွေ့ ခဲ့ရတဲ့ 2.5 Liter Four-Cylinder Gasoline Engine ကို ထည့်သုံးလာနိုင်ကာ Toyota ဆီက အခြားသော Hybrid ပစ္စည်းတွေလည်း ရွေးချယ် သုံးစွဲလာနိုင်လိမ့်မယ်လို့ ယူဆရပါတယ်။ အဆိုပါ အင်ဂျင် တစ်မျိုးတည်းတင် မဟုတ်သေးပဲ လျှပ်စစ်မော်တာပါ ပေါင်းစပ်လာဦးမှာ ဖြစ်တာကြောင့် ပိုကောင်းတဲ့ 304 hp လောက် အထိကို စွမ်းဆောင်ရည် ရှိလာ လိမ့်မယ်လို့လည်း ခန့်မှန်းရပါတယ်။ CX-50 ကားတုန်းကတော့ အမေရိက ဈေးကွက် အတွက် သီးသန့် ရည်ရွယ်ခဲ့ဖူးတာကြောင့် CX-60 ဆိုရင်တော့ ဥရောပ အတွက်ပိုပြီး ရည်ရွယ်လာနိုင်ပါတယ်။ ရလဒ် အနေနဲ့ကတော့ အဆိုပါ ကားသစ်တွေမှာ Mazda ရဲ့ နောက်ပိုင်းထွက် Rear-Wheel Drive Platform ကို သုံးလာနိုင်တယ်လို့ မျှော်လင့် ရတော့မှာပဲ ဖြစ်ပါ တယ်။
Ref: carbuzz.com