မိသားစုစီးဖို့ အတော်လေး အဆင်ပြေမယ့် ထိုင်ခုံ ၃ တန်း ပုံစံတွေကို Land Rover အနေနဲ့ Defender နဲ့ Range Rover ကားတွေ မှာ ထည့်ပေးလာခဲ့ပြီ ဖြစ်တာကြောင့် Discovery ကားမှာရော ဖြစ်လာနိုင်မလား ဆိုတဲ့ မေးခွန်းတွေလည်း ထွက်‌ပေါ်လာပါတယ်။ Tata Motors ပိုင် အဆိုပါ ဗြိတိန် ကားကုမ္ပဏီကြီးရဲ့ CEO ဖြစ်သူ Thierry Bolloré ကတော့ Auto Express သတင်းကို ပြောကြားရာမှာ အဆိုပါ Discovery ကားလည်း အလားတူ အပြင်အဆင်မျိုးတွေ ရလာ နိုင်တယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် အမျိုးအစားတွေကတော့ သာမန် SUV အဖြစ်ကနေ ၇ ယောက်စီးနဲ့ ၈ ယောက် စီး အမျိုးအစားတွေအထိ ပုံစံ ၂ မျိုး ကွဲထွက် သွားနိုင်တယ်လို့လည်း သိရပါတယ်။ သူတို့အနေနဲ့ ဈေးကွက်ထဲ နေရာရှိနေသေးတဲ့ Discovery ကားကို သေချာပေါက် အဆင့်မြှင့်တင်နေပြီး ယခင်ထက် ပိုမိုဆန်းသစ်တာကို ဖန်တီး နိုင်ဖို့လည်း ကြိုးစားနေတယ်လို့ လည်း ဆိုထားပါတယ်။ CEO ကတော့ Discovery ရောင်းအား‌တစ်ချို့ကို Defender ကားဘက်က ယူဆောင်သွားတယ်ဆိုတဲ့ အချက်ကို ဝန်ခံထားခဲ့ပြီး အခုဆိုရင်တော့ မိသားစုစီး ကားကောင်းတစ်စီး အဖြစ် ပြောင်းဖို့ နီးစပ်လာနေပါပြီ။ Bolloré ရဲ့ ပြောကြားချက် တွေထဲမှာတော့ အခုကားကို အသွင်ပြောင်းမယ် ဆိုရင် တောင် ဇိမ်ခံကား ဈေးကွက်အပိုင်းထဲက မိသားစုစီး ကားစစ်စစ် ဖြစ်သင့်တယ်လို့လည်း ပါရှိထား တာကြောင့် အသေးစိတ် အဓိပ္ပါယ် ကောက်ဖို့ရာ ခက်ခဲနေသေးပြီး အတော်လေး စိတ်ဝင်စားစရာကားတော့ ဖြစ်လာပါပြီ။

Photo Credit: motor 1.com

Auto Express သတင်း အရတော့ အဆိုပါ မျိုးဆက်သစ် Discovery ကားက ထွက်လာပြီ ဆိုရင် ဈေးကွက်မှာ ယခင် ထက် ပိုမြင့်တဲ့ နေရာရောက်လာမယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် ထူးခြားတာကတော့ တကယ်သာ ပိုကောင်းလာမယ် ဆိုရင် Range Rover ရဲ့ အနေအထားနဲ့ သွားတူ နေနိုင်တဲ့ အချက်ပါပဲ။ ကုမ္ပဏီကတော့ အဆိုပါ ကား ၂ စီး ကို MLA Platform တစ်ခုတည်းမှာပဲ အတူတူ ဖန်တီးလာမယ်လို့ ဆိုထား ပြီး ယခင် Range Rover Sport တုန်းကလည်း သုံးခဲ့ဖူးတဲ့ Platform ဖြစ်ပါတယ်။ အခု Platform ကို ရွေးလိုက်တာကြောင့် နောက်ထွက်လာမယ့် ကားသစ်တွေကို ICE အင်ဂျင်ပဲ ဖြစ်ဖြစ် ၊ Plug-In Hybrid ဒါမှမဟုတ် EV သီးသန့်ပဲ ဖြစ်ဖြစ် စိတ်ကြိုက် ထုတ်လုပ် သွားနိုင်မှာပါ။ တကယ်တော့ လျှပ်စစ်သီးသန့် အမျိုးအစားထွက်လာမယ် ဆိုတာကိုလည်း ကုမ္ပဏီ ဘက်က အတည်ပြုပြီးဖြစ်တာကြောင့် အခု ဆယ်စုနှစ် မကုန်ခင်လောက်မှာ စတင်မြင်လာ ရနိုင်ပါတယ်။

Photo Credit: motor 1.com

Discovery ကားအသစ် အကြောင်းကို စိတ်ဝင်တစား ‌စောင့်ဆိုင်းနေကြတယ် ဆိုပေမယ့် Discovery Sport ကား မျိုးကွဲရဲ့ အနာဂါတ် ကတော့ သိပ်ပြီး မျှော်လင့်ချင်စရာမရှိ ဖြစ်လို့နေပါတယ်။ အနည်းငယ် ပိုသေး တဲ့ အဆိုပါ SUV ရဲ့ အနာဂါတ်နဲ့ ပတ်သက်ပြီး ကုမ္ပဏီကို မေးမြန်းတဲ့ အခါမှာ အတိအကျ မသိနိုင်သေးဘူးဆိုတဲ့ အဖြေကိုပဲ ရခဲ့ပါသေးတယ်။ ဒါပေမယ့် အနည်းငယ် ရှုပ်ထွေးတဲ့ အပိုင်းကတော့ Land Rover အနေနဲ့ Discovery Lineup တစ်ခု လုံးကို Long Wheelbase Version တစ်မျိုး အနေနဲ့ပါ ထပ်ထုတ်လာနိုင် သေးတယ်ဆိုတဲ့ သတင်းစကားတွေပါပဲ။ တကယ်သာ ဆိုရင်တော့ Range Rover ရဲ့ အနေအထား လောက်အထိ ရှိလာမယ့် Discovery Long Wheelbase ကားတွေကို မြင်ရမှာဖြစ်ပြီး ဒီတိုင်း ခြုံကြည့်ရင်တော့ ပုံစံတူ ကားတွေ နာမည်ပဲကွဲပြီး ထပ်သွားတာမျိုး ဖြစ်နိုင်ပါ တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မျိုးဆက်သစ် Discovery ကားသစ်ကိုတော့ ၂၀၂၅ အရောက်မှာ မြင်ရတော့မှာ ဖြစ်ပြီး ချပြပြီး တစ်နှစ်အကြာမှာ ဈေးကွက်ထဲ စတင် ရောင်းချနိုင်မှာပါ။ ဆက်စပ် သတင်းတစ်ရပ်အနေနဲ့ ဆိုရင်တော့ အခုလို ကားမျိုးနောက်တစ်စီး ဖြစ်ပြီး SUV ထက် စာရင် ခပ်နိမ့်နိမ့်ပုံစံနဲ့ Wagon ပိုဆန်မယ့် Road Rover ကားသစ် ကိုလည်း ဖန်တီးဖို့ဆိုတာ မသေချာသေးဘူးလို့ ဆိုထား ပြန်တာကြောင့် အခု Rover ကားအစုံရဲ့ မျိုးဆက်သစ် အနာဂါတ်တွေကို သေချာစောင့်ကြည့်ကြရတော့မှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com