BMW ရဲ့ အနာဂတ် ကတော့ Neue Klasse Platform အသစ်တစ်ခုနဲ့ အတူ ကြီးကြီးမားမား ပြောင်းလဲလာဖို့ ရှိနေပါတယ်။ အဆိုပါ Platform အသစ်ကို လာမယ့် ၂၀၂၅ မှာတင် ချပြမှာဖြစ်ပြီး နောက်ပိုင်း BMW ကားသစ် တွေမှာ စတင် အသုံးပြုသွားတော့မှာပါ။ Platform အသစ် နဲ့အတူ ကားတွေရဲ့ ဒီဇိုင်း ၊ နည်းပညာပိုင်းနဲ့ မောင်းနှင်ရမှု အရသာ အပိုင်းတွေက အစသိသိသာသာ ပြောင်းသွားဖို့ ရှိလာနေပါတယ်။ အဆိုပါ Platform နဲ့ ပထမဆုံးကား ကတော့ Sedan အမျိုးအစားဖြစ်လာနိုင်ပြီး လက်ရှိ 3-Series တွေနေရာမှာ ဝင်လာနိုင်ပါတယ်။ တရားဝင် မဟုတ်သေးတဲ့ ပုံကြမ်းတွေကတော့ ဆက်တိုက် ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ အခုဆိုရင်လည်း ပြီးခဲ့တဲ့ CES ပွဲကြီးမှာ မြင်ခဲ့ရခဲ့ i Vision Dee Concept ကို မှီငြမ်းဖန်တီး ထားတဲ့ နောက်ထပ် ဒီဂျစ်တယ် ပုံကြမ်းတစ်ခုကို မြင်လာရပြန်ပါပြီ။ အခုဒီဇိုင်းမှာ အဓိက အပြောင်းအလဲ ဖြစ်နိုင်တာကတော့ Radiator Grille ဆိုတဲ့ ကားအရှေ့ပိုင်း ဖြစ်ပြီး အတော်လေး ဆန်းသစ်တဲ့ မျက်နှာစာနဲ့ အတူ LED ရှေ့မီးကြီး ခပ်ပါးပါး ပုံစံတွေနဲ့ ဖန်တီး ပေးထားတာ ဖြစ်ပါတယ်။ ကားရဲ့ ပုံစံကတော့ လေးထောင့် ဆန်ဆန် ဖြစ်လာနိုင်ပြီး Aerodynamic ပိုကောင်းဖို့က အဓိက ကျလာမှာကတော့ သေချာသလောက် ရှိပါတယ်။ 

Photo Credit: motor 1.com

ကားရဲ့ အရှေ့ဘက်ပိုင်းလိုပဲ ကားရဲ့ အတွင်းခန်း ပိုင်းကလည်း တော်တော်လေးကို Minimalist ဆန်တဲ့ ရိုးရှင်း သေသပ်တဲ့ အပြင်အဆင်ကို ဖန်တီး ပြထားပါတယ်။ အဓိက အားဖြင့် ထိန်းချုပ်မှု တော်တော် များများကို အသံတွေ ၊ လက်ဟန်ခြေဟန် အမူအရာတွေနဲ့ လုပ်ဆောင်နိုင်မှာဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင်နဲ့ လိုက်လျော ညီထွေ ရှိစေတဲ့ ပစ္စည်းတွေကိုလည်း ကားသစ် ဖန်တီးရာမှာ ထည့်ပေးလာနိုင်ပါတယ်။ နောက်ထပ် သိသာတဲ့ အပြင်အဆင် တစ်ခုကတော့ ဘက်ထရီအပိုင်း ဖြစ်ပြီး သာမန် ဘက်ထရီတွေထက် ၃၀% လောက် ပိုမို သိပ်သည်းကာ ထုတ်လုပ်မှု ကုန်ကျစရိတ် ကလည်း ၅၀% လောက်ကို ပိုသက်သာလိမ့်မယ်လို့ သိရပါတယ်။ အခု ကားသစ် တွေမှာတော့ 75 kWh ကနေစလို့ 150 kWh အထိ ပါဝင်လာမယ့် ဘက်ထရီတွေနဲ့အတူ တစ်ခါ အားသွင်းထားရင် ၆၂၁ မိုင် လောက် အထိကို မောင်းလာနိုင်ဖို့အတွက် BMW ဘက်က ကြိုးစား ပြင်ဆင်နေ ပါတယ်။ ကားမှာတော့  Rear-Wheel Drive ရော ၊ All-Wheel Drive စနစ်ကို ရောထည့်ပေးထား နိုင်ပြီး လျှပ်စစ် မော်တာတွေရဲ့ စွမ်းဆောင်ရည်ကလည်း ၉၇% လောက်ကို အထောက်အကူ ဖြစ်လာဖို့ ရှိပါတယ်။ 

Photo Credit: motor 1.com

အခု ကားသစ်မှာ သုံးထားမယ့် Platform အသစ်ကတော့ 800V အထိကို ပါဝင်နိုင်တာကြောင့် တစ်မိနစ် လောက် အတွင်းမှာတင်ပဲ ၄၈ ကီလိုမီတာလောက် မောင်းနိုင်မယ့် လျှပ်စစ် စွမ်းအင်ပမာဏကို ချက်ချင်း သွင်းပေးနိုင် ပါလိမ့်မယ်။ စွမ်းဆောင်ရည်ပိုင်း အရတော့ ကုမ္ပဏီဘက်ကနေ 1,341 hp အထိ ရှိလာနိုင်ဖို့ မျှော်လင့်ထားပြီး ဒီလောက်ရနိုင်ဖို့ အတွက်ကိုလည်း လျှပ်စစ် မော်တာ ၄ လုံး အထိ သုံးပေးထား နိုင်ပါတယ်။ ဒါပေမယ့် အကြမ်းဆုံးသော Version ကို ဆိုရင် ထုံးစံ အတိုင်း High-Performance M Version အနေနဲ့ပဲ သီးသန့် ထုတ်ပေးလာ နိုင်ပါသေးတယ်။ လာမယ့် ၂၀၂၅ ကစလို့ အဆိုပါ Neue Klasse ကားသစ်တွေကို ဟန်ဂေရီ နိုင်ငံ ၊ Debrecen မှာ စတင် ထုတ်လုပ်လာမှာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ မြူးနစ်မှာ ဆက်လက် ထုတ်လုပ်လာဖို့ ရှိပါတယ်။ လာမယ့် ၂၀၂၇ အရောက် မှာတော့ အဆိုပါကားသစ်တွေကိုပဲ San Luis Potosi စက်ရုံကြီးမှာပါ ဆက်လက်ပြီး ဆက်တိုက် ထုတ်သွားမှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com