ပြင်သစ် အခြေစိုက် စွမ်းဆောင်ရည်မြင့် ကားကောင်းတွေကို ထုတ်လုပ်ပေးနေတဲ့ Alpine ကားကုမ္ပဏီ က တော့ Lineup အသစ် ၃ ခုနဲ့ အတူ မကြာခင်မှာပဲ လျှပ်စစ်စွမ်းအင် သီးသန့်သုံးကားကုမ္ပဏီ အဖြစ်ပြောင်းလဲ တော့မှာပါ။ အခု ဆိုရင်တော့ အဆိုပါ ကုမ္ပဏီက စီစဉ်ထားတဲ့ EV တစ်စီးကို စတင် မြင်တွေ့လာရပါပြီ။ အဆိုပါ ကားကတော့ GT X-Over ဆိုတဲ့ ကားဖြစ်ပြီး လာမယ့် ၂၀၂၅ အရောက်မှာ စတင်ရောင်းချမှာ ဖြစ် ပါတယ်။ ကားအနေနဲ့က အစောပိုင်း စမ်းသပ်အဆင့်ပဲ ရှိသေးတယ် ဆိုပေမယ့် အတော်လေးတော့ ပီပီပြင် ပြင် မြင်လာရပါပြီ။ အခု ကားရဲ့ ကိုယ်ထည် ကတော့ Dacia ဆီက Duster Crossover ကို ပြန်လည် ပုံပြောင်းထားတာဖြစ်ပြီး အဆိုပါ Dacia ရဲ့ မိခင်ကုမ္ပဏီ ကတော့ Renault ပဲ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

လက်ရှိမှာတော့ အခု မြင်နေရတဲ့ စမ်းသပ်ဆဲ ယာဉ်ကနေ အတော်လေး အရေးကြီးတဲ့ ဒီဇိုင်းပိုင်းကို မြင်တွေ့ ထားရပြီ ဖြစ်ပြီး မူလကိုယ်ထည် Duster ထက် ပိုပြီးရှည်ကာ ပိုပြီးလည်း ကျယ်တဲ့ ကားတစ်စီး ဖြစ်လာဖို့ရာ မြင်နေရပါတယ်။ ကားရဲ့ အရှည်ကတော့ ၁၇၁ လက်မ နဲ့ အကျယ် ၇၁ လက်မ အထိကို ရှိတယ်လို့ သိထားရ ပြီး ကားနမူနာ ပုံတွေ အရတော့ Coupe ကိုယ်ထည် ဖြစ်ပါတယ်။ အဆိုပါ GT X-Over ကတော့ Renault Nissan Mitsubishi ပူးပေါင်း ကုမ္ပဏီဆီက လျှပ်စစ် စွမ်းအင်သုံး ကားတွေအတွက် Platform ကို အသုံးပြု တည်ဆောင်ထားတာဖြစ်ပြီး အဆိုပါ CMF-EV Platform ကိုတော့ ယခင်ကတည်းက Renault Megane E-Tech နဲ့ Nissan Ariya တို့မှာလည်း သုံးခဲ့ပြီး ဖြစ်ပါတယ်။ Ariya ကားမှာ တုန်းကတော့ အမြင့်ဆုံး Trim မှာ 87 kWh Battery ပါဝင်ပြီး လျှပ်စစ်မော်တာ ကလည်း ၂ လုံး ၊ All-Wheel Drive တွေလည်း ပါဝင်တာကြောင့် အခု မြင်နေရတဲ့ GT X-Over သာ အသစ်ထွက်လာရင် ပိုပြီး ကောင်းတဲ့ ကားတစ်စီး အဖြစ် မြင်ရနိုင်ပါတယ်။ အဆိုပါ ကားသစ် ကိုတော့ ပြင်သစ်နိုင်ငံ ၊ Dieppe ဆီက Alpine ရဲ့ စက်ရုံမှာပဲ ထုတ်လုပ် သွားမှာဖြစ်ပြီး လက်ရှိမှာတော့ အဆိုပါ ကုမ္ပဏီမှာ A 110 Mid-Engine Sports Car ကိုလည်း ထုတ်လုပ်နေတာပါ။ Alpine ရဲ့ ပြုပြင်ပြောင်းလဲရေးတွေအရ အခု ကားထုတ်လုပ်မယ့် စက်ရုံကိုလည်း Manufacture Alpine Dieppe Jean Redele အဖြစ် ‌နာမည်ပြောင်းဖို့ ရှိနေပါသေးတယ်။ အဆိုပါ စက်ရုံ မှာကတော့ လက်ရှိ အချိန် အထိ A 110 ကား တစ်စီးတည်းကိုသာ တစ်နှစ်ကို ထောင်ဂဏန်းလောက် အထိ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ လာမယ့် ၂၀၂၆ ကစလို့ အခု GT X-Over အပြင် A 110 ကားနေရာ Hot Hatch နဲ့ Sports Car အသစ်တို့ကိုပါ ဆက်လက် ထုတ်လုပ်မှာပါ။

Photo Credit: MotorAuthority

Sports Car အသစ်ဆိုတာ ကတော့ Lotus ရဲ့ Elise ကားမျိုးဆက်သစ်ပဲ ဖြစ်ပြီး Lotus က ထုတ်လုပ်ထား တဲ့ E-Sports Platform ကိုပဲ အခြေခံ ထုတ်လုပ်လာမှာဖြစ်ပါတယ်။ နောက်ထပ် Electric Hot Hatch တစ်စီးကတော့ Renault 5 Prototype ကား ဖြစ်နိုင်ပြီး CMF-EV Platform အသေးစား CMF-BEV ကို အခြေခံ ထုတ်လုပ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကား စီမံကိန်းတွေကို ကြည့်မယ်ဆိုရင် အခြားသော နာမည်ကြီး Maserati နဲ့ Porsche တို့လို စွမ်းဆောင်ရည်မြင့် ကားကောင်းတွေကိုချည်း ယှဉ်ထုတ်လာနိုင် မယ့် ကုမ္ပဏီ ဖြစ်လာမှာပါ။

Ref: MotorAuthority