Volkswagen ကတော့ သူတို့ရဲ့ လတ်တလော နာမည်ကျော် ID.Buzz လျှပ်စစ် Van ကားသစ် လေးကို အမေရိက ဈေးကွက် အတွက် လာမယ့် နွေရာသီ မှာတင် ပို့ဆောင် ပေးနိုင်တော့မယ်လို့ အတည်ပြု ပေးလိုက်ပါပြီ။ ပွဲဦးထွက် ကတော့ အမေရိကန် ၊ ကယ်လီ ဖိုးနီးယား ပြည်နယ်မှာပဲဖြစ်ပြီး မိတ်ဆက်ပြီး သိပ်မကြာခင်မှာပဲ Showroom တွေပေါ် ရောက်လာ မှာပါ။ Volkswagen ရဲ့ တစ်ခေတ် တစ်ခါက နာမည်ကျော် Microbus ခေတ်ဟောင်းကားလေး ဒီဇိုင်းကို ပြန်လည် ဆန်းသစ်ထားတဲ့ အခုကားသစ်ကိုတော့ 2024 Model အဖြစ် ပွဲထွက်သွားမှာ ဖြစ်တယ်လို့ပါ သိရပါတယ်။

Photo Credit: MotorAuthority

အမေရိက Version အနေနဲ့ မတူညီတဲ့ တစ်ချက်ကတော့ Wheelbase အရှည် ကားတစ်မျိုးကိုပါ ရလာမှာ ဖြစ်ပြီး လတ်တလောမှာတော့ စမ်းသပ်နေဆဲလို့ သိရပါတယ်။ ပုံမှန် Wheelbase အရွယ်နဲ့ ID.Buzzs ကတော့ ပြီးခဲ့တဲ့ ၂၀၂၂ ကတည်းကကို ဥရောပ ဈေးကွက်ထဲ ရောက်နှင့်နေပြီး ဖြစ်ပါတယ်။ အဆိုပါ Standard Wheelbase Version မှာ တော့ ကားက အရှည် ၁၈၅.၅ လက်မ ရှိထားပြီး  Tesla Model Y Compact Crossover ထက် ၁.၅ လက်မ လောက် အထိ ပိုပြီး တိုပါတယ်။ Wheelbase အရှည် Version ကတော့ ပုံမှန်ထက် ၁၀ လက်မ လောက်အထိ ပိုရှည်လာနိုင်ပြီး ထိုင်ခုံ ၃ တန်း အတွက် ဖြစ်လာနိုင်ပါတယ်။ လက်ရှိ Standard Wheelbase Version ကားမှာကတော့ ထိုင်ခုံ ၂ တန်း အထိ ပဲ သုံးလို့ ရသေးတာ ဖြစ်ပါတယ်။ အဆိုပါ Wheelbase အရှည်ကားကို တစ်ချို့သော ဈေးကွက်တွေမှာ လုပ်ငန်းသုံး ယာဉ် အဖြစ် မြင်လာရဖို့လည်း ရှိနေပြီး အနောက်ခုံတွေ အကုန်ခေါက်လိုက်ရင်လည်း ၁၃၅ ကုဗ ပေ လောက် အထိ ကို ပစ္စည်းတင်စရာ ရလာနိုင်ပါတယ်။ အဆိုပါ ကားသာ တကယ် ဖြစ်လာမယ် ဆိုရင်တော့ ၂၀၁၈ ရဲ့ ID.Buzz Cargo Concept အတိုင်း ပွဲထွက်လာနိုင်ဖို့များပြီး California Camper Version အနေနဲ့လည်း အမေရိက ဈေးကွက်ကို ရောက်လာ နိုင်ပါတယ်။

Photo Credit: MotorAuthority

အခု ကားရဲ့ Platform ကတော့ VW ရဲ့ နောက်ပိုင်း အဓိက လျှပ်စစ်ကားတွေမှာ သုံးတဲ့ MEB Platform ပဲသုံးလာမှာ ဖြစ်ပြီး VW ID.4 မှာ အဆိုပါ Platform ကို မြင်ထားရပြီးပါပြီ။ လက်ရှိ ID.Buzz တွေထဲက အကြီးမားဆုံး ဘက်ထရီ ကတော့ 82 kWh ဖြစ်ပြီး အခု Wheelbase အရှည်ကားမှာ ဆိုရင် 11 kwh လောက်အထိ ဘက်ထရီ တိုးတက်လာ နိုင်ပါတယ်။ ဒါကြောင့်လည်း တစ်ကြိမ် အားသွင်းထားမယ် ဆိုရင်မိုင်ပေါင်း ၃၀၀ လောက် အထိကို မောင်းနှင် နိုင်တဲ့ အထိ ဖြစ်လာ နိုင်ပါတယ်။ ဒါပေမယ့် အဆိုပါ ID.Buzz ကားသစ်တွေ တိုင်းကိုတော့ ယခင် T-Series Van ကားတွေ ထုတ်လုပ်ရာ ဂျာမနီနိုင်ငံ ၊ ဟန်နိုဗာက စက်ရုံမှာပဲ သီးသန့် ထုတ်လုပ် ပေးသွားမှာပါ။ တကယ်တော့ အဆိုပါ T-Series တွေက ယခင် နာမည်ကျော် Microbus တွေရဲ့ တိုက်ရိုက်မျိုးဆက်သစ် ကားတွေဖြစ်ပြီး ၂၀၂၁ အရောက်မှာ ၇ ခု မြောက် မျိုးဆက်အထိ ရောက်ခဲ့ ပါတယ်။ လတ်တလော မှာတော့ အမေရိကန် နိုင်ငံ ၊ Tennessee ပြည်နယ် ၊ Chattanooga မှာရှိတဲ့ VW ပိုင်စက်ရုံမှာ ID.4 ကားတွေကို ထုတ်လုပ်နေတာကြောင့် အခု ID.Buzz ကားသစ်တွေ ကိုလည်း အမေရိကမြေမှာ ထုတ်လုပ်လာနိုင်လိမ့်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီပဲ ဖြစ်ပါတယ်။

Ref: MotorAuthority