Subaru Crosstrek ကတော့ 2023 Model အနေနဲ့ ဂျပန်ပြည်တွင်း ဈေးကွက်ထဲ ရောင်းချနေပြီ ဖြစ်ပေမယ့် မြောက် အမေရိကကားဈေးကွက်ကြီးမှာတော့ 2024 Model အနေနဲ့ ချပြလာမှာပါ။ လာမယ့် ဖေဖော်ဝါရီ လ ၉ ရက်နေ့မှာ အဆိုပါ ကားသစ်ကို မိတ်ဆက်လာမယ်လို့ သိရပြီး 2023 ချီကာဂို ကားပြပွဲမှာ မြင်ရမှာပဲ ဖြစ်ပါတယ်။ သေချာတာ ကတော့ မနှစ်က ဂျပန်မှာ မြင်ခဲ့ရတဲ့ ကားမော်ဒယ်နဲ့ သိသိသာသာ ကွဲပြားတဲ့ အချက်တွေကိုတော့ မြင်လာ‌ရတော့မှာပါ။ ဒီဇိုင်းအသစ် တွေကို မြင်လာရဖို့ ရှိနေတဲ့အပြင် ဘီးဖုံးအထူကြီးတွေနဲ့ ဒီဇိုင်းခပ်ကြမ်းကြမ်း ပုံစံ တွေကြောင့် ပိုမိုက်တဲ့ အသွင်မျိုးကို မြင်လာရနိုင်ပါတယ်။ အနောက်ဘက် မှာလည်း ခပ်ချွန်ချွန် ကိုယ်ထည် အဆန်းမျိုးနဲ့ Platstic Trim အလန်းစားတွေ ကိုလည်း မြင်ရနိုင်မှာပါ။ အရှေ့ဘက် အပိုင်းမှာ ဆိုရင်လည်း ပိုကြီးတဲ့ Grille Fascia အသစ်နဲ့ ပိုကြီးတဲ့ Driving Lamps တွေကို မြင်ရမှာ ဖြစ်ပါတယ်။ ကားရဲ့ အချိုးအစားတွေကတော့ ယခင် ထက်အတော်လေး တူတူညီညီ ဖြစ်လာနိုင်ပြီး မျိုးဆက်သစ် မော်ဒယ်အနေနဲ့ ဆိုရင်တော့ လက်မဝက် လောက် ပိုပြီး ရှည်လာနိုင်ပါသေးတယ်။

Photo Credit: motor 1.com


ကားရဲ့ အတွင်းခန်းပိုင်းမှာတော့ ၁၁.၆ လက်မ အရွယ် Touchscreen ပါဝင်လာမှာ ဖြစ်ပြီး ဒီအပိုင်းမှာတော့ ယခင် မျိုးဆက်ကထက် ပိုပြီးကြီးတဲ့ Screen ဖြစ်လာတာပါ။ Screen ကလည်း ဒေါင်လိုက် အနေအထားမျိုး ဖြစ်ပေမယ့် သာမန် ခလုတ်တွေလည်း ပါဝင်လာ နိုင်ပါတယ်။ အထူးသဖြင့် အပူအအေး ချိန်ညှိတာ မျိုးတွေ၊ ထိုင်ခုံ အနေအထား နဲ့ ပိုကြီးတဲ့ ဂီယာအုံပုံစံတွေကိုလည်း အခုကားသစ်မှာ မြင်လာရဖို့ ရှိပါတယ်။

Photo Credit: motor 1.com


အမေရိက စျေးကွက်အတွက် ကားသစ်မှာလည်း အပြောင်းအလဲတွေ ဆက်ပါလာနိုင်တာ ဖြစ်ပြီး Teaser ပုံရိပ်တွေ ထဲမှာ ဆိုရင်တော့ e-Boxer တံဆိပ်အစား Sport တံဆိပ်လေး တစ်ခုကို ထည့်ပေးထားတာကို ထူးထူးခြားခြား
  တွေ့ရပါလိမ့်မယ်။ Subaru ကတော့ Crosstrek ကား အတွက်ကို လောလောဆယ် ဂျပန်စျေးကွက် ထဲ Sport Trim  မထည့် ပေးထားသေးတာကြောင့် အခုကားသစ်မှာရော ပြောင်းလဲလာမလဲ စောင့်ကြည့် ရဦးမှာပါ။ မြောက် အမေရိက စျေးကွက်ထဲမှာတော့ e-Boxer Hybrid အင်ဂျင် အမျိုးအစား ကားကို ပေးလာနိုင်ပြီး ဂျပန် စျေးကွက် ထဲမှာတော့ Naturally Aspirated 2.0 Liter Flat Four-Cylinder အင်ဂျင်နဲ့ ကားရှိထားပြီး ဖြစ်ပါတယ်။ အဆိုပါ ကားသစ်ကတော့ 145 hpအထိ စွမ်းဆောင်ထားနိုင်ကာ 13 hp  ရှိတဲ့ လျှပ်စစ်မော်တာ တစ်လုံးပါလာ ပါသေးတယ်။ ဒါ့အပြင် Front-Wheel Drive အမျိုးအစား ကလည်း ဂျပန် ဈေးကွက်ထဲ ရထားပြီးသားဖြစ်လို့ အခု တစ်ခေါက်ကားသစ်မှာရော ရလာနိုင်မလား စောင့်ကြည့်ရမှာပါ။ ဒါပေမယ့် All-Wheel Drive စနစ်နဲ့ ပိုကြီးတဲ့ အင်ဂျင် အတွဲ အစပ်ကားသစ်က အခုဈေးကွက် အတွက် ပိုဖြစ်နိုင်ချေများပြီး ဖေဖော်ဝါရီ လ ၉ ရက် နေ့မှာမှ သေချာသိရမှာ ဖြစ်တာကြောင့် စိတ်ဝင်တစား စောင့်မျှော်ရတော့မှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com