နှစ်အတော်ကြာ ကတည်းက သတင်းထွက်ပြီး မျှော်လင့်နေကြတဲ့ Porsche Macan လျှပ်စစ်ကားကတော့ လာမယ့် ၂၀၂၄ အထိကို ‌ဈေးကွက်ထဲ မရောက်လာနိုင်သေးတာ ဖြစ်ပါတယ်။ ၂၀၂၃ မှာတင် စတင်ရောင်းချ မယ်လို့ ကနဦး စီစဉ်ထားတဲ့ အဆိုပါ ကားက နောက်ပိုင်းမှာ Volkswagen Group ရဲ့ Software ပိုင်းမှာ ပြဿနာတစ်ချို့ ရှိနေတာကြောင့် နောက်ဆုတ်ခဲ့ ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် စောင့်ဆိုင်း နေရသူတွေအဖို့ စိတ်ကျေနပ်နိုင်အောင် ကားသစ်က ဈေးကွက်ထဲ မရောက်လာ သေးပေမယ့်လည်း ကားရဲ့ စွမ်းဆောင်ရည်ပိုင်း အချက်အလက် တစ်ချို့ကို ထုတ်ဖော်ပြောကြားလာခဲ့ပြီ ဖြစ်ပါတယ်။ ယခင် သိထားကြတဲ့အတိုင်း အခုကားသစ်ကို Audi နဲ့ ပူးပေါင်း ဖန်တီးထားတဲ့ Premium Platform Electric အသစ် ပေါ်မှာထုတ်လုပ်လာမှာပါ။ အနီးစပ်ဆုံး စမ်းသပ်ထားတဲ့ အချက်အလက်တွေ အရတော့ 603 hp နဲ့ 738 lb-ft Torque အထက် အထိကို စွမ်းဆောင်ရည်တွေ ရရှိထားတယ်လို့ သိရပါတယ်။ လျှပ်စစ်မော်တာ ၂ လုံး ပါဝင်တဲ့အပြင် All-Wheel Drive စနစ်လည်း ဖြစ်လာတာကြောင့် ကားက ပိုစွမ်းဆောင်ရည် ကောင်းလာခဲ့တာပါ။ ဒါ့အပြင် လျှပ်စစ်မော်တာ တစ်လုံးတည်းကိုမှ Rear-Wheel Drive စနစ်နဲ့ မျိုးကွဲကိုလည်း ရွေးချယ်ဝယ်ယူနိုင်အောင် စမ်းသပ်နေသေးတယ်လို့ သိရပါတယ်။

Photo Credit: motor 1.com

ကားရဲ့ အလေးချိန် ဘယ်လောက်အထိ ရှိမလဲ ဆိုတာတော့ မသိရသေးပေမယ့် အရှေ့ပိုင်းက ၄၈% လောက်နဲ့ အနောက်ဘက် ၅၂% လောက် အလေးချိန်တွေ ရှိမယ်လို့ သိထားရပါတယ်။ လျှပ်စစ်မော်တာ ၂ လုံးတွဲ နဲ့အတူ ကားရဲ့ စွမ်းအင်ပိုင်း အတွက် လည်း Lithium-Ion Battery ကို 100 kWh အထိ ထည့်ပေးထားမှာ ဖြစ်ပါတယ်။ ဘက်ထရီ ရဲ့ 800-V Architecture အပိုင်း ကြောင့် 270 kW လောက် အထိကို အားပြန် သွင်းနိုင်ပါတယ်။ သတင်းတွေအရတော့ အခုကားသစ်မှာ ဒီထက်ပိုသေးတဲ့ ဘက်ထရီ အမျိုးအစားကိုတော့ ရလာနိုင်ဖို့ မရှိပဲ တစ်ခါ အားသွင်းထားရင် ဘယ်လောက်အထိ မောင်းနိုင်မလဲဆိုတဲ့ Range ပမာဏကို လည်း လျှို့ဝှက်ထားဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့သတင်းတွေအရတော့ အားသွင်းမယ် ဆိုရင် ၅ ကနေ ၈၀% ပမာဏကို ၂၅ မိနစ်ပဲ ကြာမယ်လို့ သိရပါတယ်။ ဒီထက် ပိုမြန်ဆန်မယ့် အားသွင်းစနစ် အတွက် လည်း ပြင်ဆင်မှုတွေ လုပ်နေသေးတယ်လို့ သိရပြီး 800-V Pack ကို ၂ ပိုင်း ခွဲကာ 400-V Charger တွေနဲ့ အားသွင်းနိုင်ဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

Photo Credit: motor 1.com

လျှပ်စစ်ကားသစ်နဲ့ ပတ်သက်လို့ နောက်ထပ် အတည်ပြုထားနိုင်တဲ့ သတင်းတွေထဲမှာ ဆိုရင်တော့ အနောက်ဘက်မှာ Electronic Locking Differential စနစ် ပါဝင်လာမယ် ဆိုတာလည်း သိထားရပါတယ်။ ‌ဒါ့အပြင် စတီယာတိုင်ရဲ့ ချိုးကွေ့ နိုင်တဲ့ Angle ကို ၁၅% လောက်အထိ ပိုတိုးပေးထားမှာ ဖြစ်တာကြောင့် ကျဉ်းထဲကြပ်ထဲ နေရာတွေမှာတောင် ကားကို ထိန်းသိမ်း မောင်းနှင်ရတာ ပိုအဆင်ပြေစေမှာပါ။ ဒါ့တင်မက သေးပဲ တစ်နာရီ မိုင် ၅၀ အောက် လောက်အထိ အမြန်နှုန်းမှာ ဆိုရင် ၅ ဒီဂရီ လောက် အထိကို အလုပ်လုပ်နိုင်မယ့် Rear-Wheel Steering စနစ်လည်း ပါဝင်ဦးမှာ ဖြစ်ပါတယ်။ နောက်ဆုံး အနေနဲ့ မျှော်လင့်ရတာ တစ်ခုကတော့ ယခင်မျိုးဆက် ကားဟောင်းတွေ လုံးဝရပ်တန့်မသွားသေးခင်မှာ လက်ရှိ Macan ICE သာမန် အင်ဂျင်ကားနဲ့ နောက်ထွက်လာမယ့် လျှပ်စစ်သီးသန့် Macan တို့ နှစ်အနည်းငယ်လောက်အထိကို အတူတူ ရှိနေနိုင်လိမ့်မယ်လို့ ယူဆရတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com