ထိုင်ခုံ ၃ တန်း နဲ့ Kia လျှပ်စစ်ကား အကြီးစား တစ်စီးကိုတော့ မကြာခင်မှာပဲ မြင်ရဖို့ ရှိလာနေပါပြီ။ ပြီးခဲ့တဲ့ ကြာသပတေး နေ့ကပဲ တောင်ကိုရီးယား ကားကုမ္ပဏီကြီး Kia ကတော့ သူတို့ရဲ့ 2024 Kia EV 9 ကားရဲ့ ထုတ်လုပ် ဖို့ အဆင်သင့်နီးပါး ပုံရိပ်တစ်ချို့ကို စတင်ချပြလာခဲ့ပါတယ်။ Kia ရဲ့ ချပြထားတဲ့ ပုံတစ်ချို့ကတော့ စတေကာတွေ အုပ်ထားဆဲ ဖြစ်တဲ့ Prototype အဆင့် ကားပုံ ဖြစ်ပေမယ့် ကုမ္ပဏီဘက်ကတော့ စက် ပိုင်းဆိုင်ရာတွေ နောက်ဆုံး အဆင့် စမ်းသပ်နေပြီ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ Kia ရဲ့ အတည်ပြုချက် အရတော့ အဆိုပါ EV 9 ကားအသစ် ကို လာမယ့် ၂၀၂၃ ပထမဆုံး ၃ လလောက် အတွင်းမှာ မြင်ရဖို့ရှိပါ တယ်။

Photo Credit: MotorAuthority

ဒါ့အပြင် EV 9 ကတော့ Telluride ကားကို ကုမ္ပဏီရဲ့ ဈေးအကြီးဆုံး Flagship Model အဖြစ် ကနေ ဖယ်ချသွားနိုင်မယ့် ကားတစ်စီးလည်း ဖြစ်ပါတယ်။ Kia ကတော့ အဆိုပါ ကားအသစ်ကို ပြီးခဲ့တဲ့ ၂၀၂၁ လော့အိန်ဂျလိပ်စ် ကားပြပွဲမှာကတည်းက Concept တစ်စီးအနေနဲ့ ချပြထားပြီး ဖြစ်ပါတယ်။ Motor Authority သတင်းဆီကို အတည်ပြုချက်တွေ အရတော့ အဆိုပါ Concept တုန်းကဒီဇိုင်းတွေရဲ့ ၈၀% ဒါမှမဟုတ် ၉၀% လောက်ကို အခု ထုတ်လုပ်တဲ့အဆင့်မှာ ပြန်သုံးလာမှာ ဖြစ်တယ်လို့ သိရပါတယ်။ အတွင်းခန်းကိုတော့ မမြင်ရသေးလို့ အတည်မပြုနိုင်သေးပေမယ့် Concept တုန်းကထက် အနည်းငယ်ဝိတ်လျှော့ ထားတဲ့ ပုံစံနဲ့ပဲ ချပြလာနိုင်ပါတယ်။ ထိုင်ခုံ ၃ တန်း နဲ့ Screen ကို Floating ပုံစံ သုံးထားမှာ တွေကတော့ နောက်ဆုံးပေါ် Telluride နဲ့ အတူတူပဲ ဖြစ်နိုင်ပါတယ်။ အရွယ်အစားနဲ့ ထိုင်ခုံ အနေအထားတွေ အရလည်း အတူတူပဲ ဖြစ်နိုင်ပေမယ့် EV 9 ကတော့ Telluride ထက်စာရင် ပိုကျယ်တဲ့ အတွင်းခန်းကိုရမှာ ဖြစ်ပါတယ်။ အဓိက ကတော့ လျှပ်စစ်ကား အမျိုးအစား ဖြစ်သွားတဲ့အတွက် အခုလို နေရာပိုကျယ်ကျယ် ရလာ တာပါ။

Photo Credit: MotorAuthority

အခုကားက အရွယ်အစား ကြီးတယ် ဆိုပေမယ့်လည်း သူ့ထက်ပိုသေးတဲ့ EV 6 နဲ့ အခြားသော အမျိုးအစား ပုံစံ ဆင် ဆင် Hyundai Ioniq 5 ၊ Ioniq 6 နဲ့ Genesis GV 60 ကားတို့လိုပဲ ကုမ္ပဏီ ရဲ့ E-GMP Platform အသစ်ကို အသုံး ပြုထားမှာပါ။ ကားမှာ ပါဝင်လာမယ့် 800-Volt လျှပ်စစ်ပိုင်း ဆိုင်ရာကြောင့်လည်း အားသွင်းမြန်ဆန်မယ့် လုပ်ဆောင်ချက်တွေ ရလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လျှပ်စစ် မော်တာ ၂ လုံး တပ်ဆင်ထားတာ ကြောင့်လည်း All- Wheel Drive စနစ်နဲ့ 576 hp ၊  546 lb-ft Torque လောက် အထိကို စွမ်းဆောင်လာ နိုင်ပါတယ်။ Kia ရဲ့ အဆိုအရတော့ အခုကားရဲ့ တစ်ချို့သော Trim Level တွေမှာ ဆိုရင် တစ်ခါ အားသွင်းထားရုံနဲ့ မိုင် ၃၀၀ လောက် အထိကို မောင်းနှင်နိုင်မယ့် Range ပါဝင်လာမယ်လို့ သိရပါတယ်။ အခု မြင်ရတော့မယ့် အဆိုပါ EV9 ကားသစ် ကတော့ လာမယ့် ၂၀၂၇ အမှီ Kia ကနေ ထုတ်လုပ်ဖို့ ရည်ရွယ်ထားတဲ့ လျှပ်စစ်ကားသစ် ၁၄ စီးထဲက ဒုတိယမြောက် ကားပဲ ဖြစ်ပါတယ်။

Ref: MotorAuthority