မနှစ်က နှစ်ကုန် ခါနီးလေး မှာတင် ပုံရိပ်တစ်ချို့ ချပြလာခဲ့တဲ့ 2024 Hyundai Kona ဒုတိယမျိုးဆက် ကားသစ် ကတော့ အခုဆိုရင် နောက်ထပ် ပိုမိုပြီးပြည့်စုံတဲ့ ဒီဇိုင်းပုံရိပ်သစ်တွေနဲ့အတူ အသေးစိတ် အချက် အလက်တွေ ကိုပါ တစ်ပါတည်း သိရှိလာရပြီ ဖြစ်ပါတယ်။ မူလ ကားအမျိုးအစား အနေနဲ့ လွန်ခဲ့တဲ့ ၆ နှစ်ကမှ ဈေးကွက်ထဲ စရောက်ခဲ့တာဖြစ်လို့ အခုကားကိုကြည့်မယ်ဆိုရင် အချိန်တိုအတွင်း ဘယ်လောက် ပြောင်းလဲလာသလဲ သိသာ နိုင်သလို အတွင်းခန်းပုံရိပ်တွေကိုပါ မြင်တွေ့နိုင်ပြီ ဖြစ်ပါတယ်။ အခု 2024 Kona ကား ရဲ့ သိသာတဲ့ တစ်ချက်ကတော့ အရွယ်အစားဖြစ်ပြီး ယခင်မျိုးဆက် အဟောင်းထက် ပိုကြီး လာမှာဖြစ်ကာ Wheelbase မှာတင် ယခင်ထက် ၂.၃ လက်မလောက် ပိုကျယ် လာပါတယ်။ ကားရဲ့ အရှည်ကလည်း ယခင်ထက် ၅.၇ လက်မ ပိုလာပြီး အကျယ်ကလည်း ၇၁.၉ လက်မအထိ ရှိလာခဲ့ကာ အမြင့် ကတော့ ၆၂.၂ လက်မ အထိကို ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ၁၇ လက်မ အရွယ် ဘီးတွေကို တွဲဖက်တပ်ဆင် ထားလာနိုင်မယ့် အဆိုပါ အချိုးအစားတွေကတော့ ICE အင်ဂျင်ကားနဲ့ Hybrid မော်ဒယ် တွေအတွက် ဖြစ်ပြီး ယခင်ပြောထားသလို တစ်ပါတည်း ပါလာဦးမယ့် လျှပ်စစ်သီးသန့် မော်ဒယ်အတွက် ကိုတော့ အရွယ်အစားပိုင်း အနည်းငယ် ကွဲပြားလာနိုင်ပါတယ်။

Photo Credit: motor 1.com

တောင်ကိုရီးယား ဈေးကွက်ထဲမှာတော့ အခုကားကို 147 hp ၊ 132 lb-ft Torque အထိ စွမ်းဆောင် နိုင်မယ့် Naturally Aspirated 2.0 Liter ဓာတ်ဆီ အင်ဂျင်ကိုသုံးကာ CVT ဂီယာနဲ့ တွဲဖက်ပွဲထုတ်ပေးလာဖို့ ရှိနေတာပါ။ နောက်ထပ် ပိုကောင်းတဲ့ အမျိုးအစား အနေနဲ့ ဆိုရင်တော့ 195 hp နဲ့ 195 lb-ft Torque အထိ စွမ်းဆောင် နိုင်မယ့် Turbocharged 1.6 Liter အင်ဂျင်ကို ရမှာဖြစ်ပြီး Eight-Speed Automatic ဂီယာကိုပါ တွဲဖက် ရရှိနိုင်မှာပါ။ Hybrid အမျိုးအစားမှာ ဆိုရင်တော့ 1.6 Liter Bespoke အင်ဂျင်ကိုမှ လျှပ်စစ်‌မော်တာနဲ့ တွဲဖက်ပေးထားမှာ ဖြစ်ပြီး 139 hp နဲ့ 195 lb-ft Torque လောက် အထိကို စွမ်းဆောင် လာနိုင်မှာဖြစ်ကာ Six-Speed Dual-Clutch Automatic ဂီယာနဲ့လည်း တွဲသုံးပေးလာမှာ ဖြစ်ပါတယ်။ ကားကတော့ တကယ် လက်တွေ့ဆန်ဆန် အသုံးဝင်မှုလေးတွေ များလာခဲ့ပြီး အထူးသဖြင့် အနောက်ခုံ တွေသာ အကုန်ခေါက်လိုက်မယ် ဆိုရင် ၇၂၃ လီတာ ပမာဏလောက် ရှိတဲ့ ကုန်ပစ္စည်းတွေ ကို တင်ဆောင် နိုင်ပါလိမ့်မယ်။ အဓိက ကတော့ အိတ်အကြီးကြီးတွေကို ခရီးလမ်းတွေအတွက် ကောင်းကောင်း ဆံ့ အောင် သယ်လို့ရတာဖြစ်ပြီး အနောက်ခန်း ခရီးသည်တွေ အတွက်လည်း အကောင်းဆုံး Shoulder Room တွေ အဖြစ် ထည့်ပေထားတာပါ။ ဒါ့အပြင် ကားနောက်ဖုံးကိုလည်း အလိုအလျောက် ဖွင့်နိုင်ပိတ်နိုင် မယ့်အပြင် အဖွင့် အပိတ် လုပ်ချင်တဲ့ အမြင့်နဲ့ မြန်နှုန်းတွေကိုပါ စိတ်ကြိုက်ရွေးလို့ ရ‌နိုင်ဦးမှာပါ။

Photo Credit: motor 1.com

နောက်ထပ် ခေတ်မှီလုပ်ဆောင်ချက်တွေ အနေနဲ့ ဆိုရင်လည်း ကိုယ်မောင်းတဲ့ ပုံစံကိုမှတ်ပေးထားနိုင်မယ့် ထိုင်ခုံတွေ ၊ ကြိုးမဲ့ အားသွင်းစနစ် ၊ OTA Update တွေအပြင် NFC နည်းပညာကြောင့်လည်း စမတ် ဖုန်း ၊ စမတ်နာရီတွေနဲ့ ကားကို သော့ဖွင့် နိုင်ပါဦးမယ်။ အသံပိုင်း ဆိုင်ရာမှာတော့ အတွင်းခန်းရဲ့ အသံကို ပိုပြီးလုံစေဖို့အတွက် အသံစုပ်ယူအား ကောင်းတဲ့ သတ္တုတွေ ထည့်သုံးပေးထားပြီး၊ မှန်တွေကအစ အသံ ကာ ပေးတဲ့မှန်တွေကို သုံးထားတာပါ။ ဒါတင်မက သေးပဲ ကြမ်းခင်းအထူသားတွေနဲ့ ၁၉ လက်မ ဘီးတွေအတွက် အသံစုပ်ယူ ထိန်းပေးတဲ့ တာယာတွေကိုလည်း ရွေးချယ်နိုင်ဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခု ဒုတိယ မျိုးဆက်အတွက် ကား Screen ကတော့ ၁၂.၃ လက်မ အထိ ရှိလာခဲ့ပြီး မကြာခဏသုံးဖြစ်မယ့် Function တွေ အတွက်တော့ ပိုလွယ်ကူမယ့် သာမန် ခလုတ်တွေကို ထည့်ပေးထားပါသေးတယ်။ အခု အတွင်းခန်း Dashboard ကို ကြည့်ရတာတော့ လုပ်ဆောင်ချက် အရာရာကို Infotainment Display ထဲ ထည့်ပေးထားတာထက် ပို‌ပြီး ရိုးရှင်းထိရောက်တဲ့ ဒီဇိုင်းကို မြင်ရမယ်လို့ ဆိုနိုင်ပါတယ်။ Hyundai ကတော့ အခု ကားသစ်ရဲ့ အခြားသော ဈေးကွက်တွေအတွက် Global Model ကို လာမယ့် မတ်လမှာ အသေးစိတ် ချပြမှာဖြစ်ပြီး Kona EV လျှပ်စစ်မျိုးကွဲ အသစ်ကိုပါ တစ်ပါတည်း မြင်လာရနိုင်တာပဲ ဖြစ်ပါ တယ်။

Ref: motor 1.com