Honda ကတော့ အနာဂတ် လျှပ်စစ်ကား ခေတ်သစ် ပြိုင်ဆိုင်မှု အခြေအနေတွေအတွက် ကုမ္ပဏီရဲ့ ခြေလှမ်းတွေကို အနည်းငယ် လှစ်ဟပြလိုက်ပါပြီ။ ကုမ္ပဏီကနေ 2024 Honda Prologue လျှပ်စစ် Crossover ကားသစ်ရဲ့ အတွင်း အပြင် ပုံရိပ်တွေကို ၂၀၂၄ ခုနှစ် ဈေးကွက်ထဲ မရောက်လာသေးခင် မြင်ရအောင်ကို မိတ်ဆက်ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။ ကြည့်လိုက်တာနဲ့ ရှင်းလင်းနေမယ့် အပြင်ဘက် ကားဒီဇိုင်းကတော့ Honda ရဲ့ နောက်ပိုင်း မျိုးဆက်သစ် ကားတွေမှာ မြင်ရနိုင်မယ့်ပုံစံ ဖြစ်နိုင်ပြီး Aerodynamic ကောင်းကောင်း ဒီဇိုင်းကိုမှ အတော်လေး ချောမွတ်လှပတဲ့ အသွင်အပြင် ဖြစ်နေတာပါ။ LED မီးတွေကလည်း အတော် လေးကို ကျော့ရှင်းတဲ့ အလျားလိုက် အသွင်တွေဖြစ်ပြီး လက်ရှိ Honda ကားတွေရဲ့ပုံကို ပိုအဆင့်မြင့်စေကာ အနောက်ဘက် ဒီဇိုင်းကို ကြည့်မယ်ဆိုရင်လည်း မကြာခင်ကမှ မိတ်ဆက်ထားတဲ့ HR-V Compact Crossover နဲ့တောင် ခပ်ဆင်ဆင် တူညီပါတယ်။
ထူးခြားတာ ကတော့ လက်ရှိကားတွေရဲ့ အနောက်မှာသုံးနေကျ H ဆိုတဲ့ တံဆိပ်လေးကိုဖြုတ်ပြီး Honda ဆိုတဲ့ စာသားအမှတ်တံဆိပ်ကိုပဲ ဒီဇိုင်းလန်းလန်းနဲ့ ပြောင်းသုံးပေးလိုက်တာပါပဲ။ Prologue ကားအသစ်မှာ တော့ ၂၁ လက်မ အရွယ်ဘီးတွေ၊ Panoramic အမိုးတို့ ကိုလည်း ထည့်ပေးထားမယ်လို့ သိရပါတယ်။ အတွင်းခန်းပိုင်း ကတော့ Honda နဲ့ General Motors တို့ ပေါင်းထားတဲ့ အရသာမျိုးကို ခံစားရစေပြီး တကယ် တော့ GM ဘက်ကလည်း ကားသစ်ရဲ့ Platform နဲ့ ဘက်ထရီ နည်းပညာတွေ ၊ ထုတ်လုပ်ရေးပိုင်းတွေမှာ ကူညီထောက်ပံ့ ပေးထားတာ ဖြစ်ပါတယ်။ ၁၁ လက်မအရွယ် Digital Gauge Cluster နဲ့ ၁၁.၃ လက်မ အရွယ် Touchscreen Infotainment Display တို့ကို အသံ အတိုးအချဲ့ခလုတ်နဲ့ တွဲပေးထားပြီး 2024 Chevrolet Equinox EV နဲ့ 2024 Blazer EV တို့မှာ မရနိုင်တဲ့ အရသာမျိုး ထည့်ပေးထားတာပါ။ ဒါပေမယ့် တစ်ခုရှိတာကတော့ လတ်တလော GM ကားတွေမှာ မြင်ထား ရတဲ့ စတီယာတိုင် အသွင်အပြင်နဲ့ အရေးကြီး Climate Controls ခလုတ်တွေကိုပဲ ပြန်သုံးထားနိုင်မလားဆိုတဲ့ အချက်ပါပဲ။
Honda ရဲ့ အဆိုအရတော့ ကားသစ်ရဲ့ ဘီး ၂ ခု အကြားအကွာအဝေး Wheelbase က ၁၂၁.၈ လက်မ ရှိထားမှာဖြစ်ပြီး 2023 CR-V နဲ့ ယှဉ်ရင်ကို ၈ လက်မ လောက်အထိ ပိုရှည်လာမှာပါ။ လတ်တလော မှာတော့ အခုကားနဲ့ ဆင်တူ နိုင်မယ့် Equinox EV ဒါမှမဟုတ် Blazer EV တို့ရဲ့ စက်ပိုင်းဆိုင်ရာ အချက်အလက် အသေးစိတ်တွေကို GM က မချပြထားသေးပေမယ့်လည်း Ultium လို့ ခေါ်တဲ့ နည်းပညာကိုပဲ Honda ကားတွေနဲ့ လက်ရှိ Cadillac Lyriq တို့မှာ သုံးထားတာ ဖြစ်ပါတယ်။ Prologue အသစ်ရဲ့ အရှည်ကတော့ ၁၉၂ လက်မရှိမှာဖြစ်လို့ Lyriq နဲ့ လက်ရှိ Pilot ကားတွေထက် ၄ လက်မ လောက် ပိုတိုမှာဖြစ်ပြီး Passport ကားထက်စာရင်တော့ ၁၀ လက်မ လောက်ကို ပိုရှည်နေမှာပါ။ ဈေးနှုန်းတွေ အတိအကျ မသိရသေးပေမယ့်လည်း အဆိုပါကားဟာ ၂၀၂၄ ထဲမှာ ထွက်ရှိပြီး CR-V နဲ့ Passport ကားတွေရဲ့ အထက်မှာ ရပ်တည်လာ မယ့် ကားသစ်ဖြစ်တယ်လို့တော့ သိထားရပါတယ်။ 2022 Honda Passport ကားတုန်းကတော့ $ 40,320 အထိ ကျသင့်ခဲ့တာကြောင့် အခုကားသစ်ကိုလည်း အဆိုပါဈေးနဲ့ပဲ ချိန်ကာ ခန့်မှန်းကြည့်ကြရဦးမှာ ဖြစ်ပါတယ်။
Ref: MotorAuthority