Toyota ကတော့ သူတို့ အနေနဲ့ ပိုကြီးတဲ့ ထိုင်ခုံ ၃ တန်းပါ SUV အသစ်ကို ပြင်ဆင်နေကြောင်း အသိပေးထားပြီး နာမည်ကိုလည်း Highlander လို့ ပေးထားပါတယ်။ အဆိုပါကားသစ်ကိုတော့ လာမယ့် ဖေဖော်ဝါရီ လ ၈ ရက် နေ့မှာ စတင် ကျင်းပမယ့် 2023 Chicago ကား ပြပွဲကြီးမှာ စတင်မိတ်ဆက်ပေးသွားမယ်လို့ ကုမ္ပဏီဘက်က အတည်ပြုပေးထား ပါတယ်။

Photo Credit: AllAutoExperts

Toyota ရဲ့ အဆိုအရတော့ အခုကားသစ် Highlander ဟာ Brand ရဲ့ SUV Lineup ကို ပိုပြီး တိုးတက်ကောင်းမွန် သွားစေမယ့် ကားတစ်စီး ဖြစ်တယ်လို့ သိရပြီး ၂၀၀၁ ကတည်းက မြင်ခဲ့ရတဲ့ ပထမဆုံးသော Highlander လိုပဲ အကျိုးသက်ရောက်မှု ကြီးမားလာ နိုင်ပါတယ်။ ထိုင်ခုံ ၃ တန်း အထိကို ပါဝင်လာမယ့် အဆိုပါ SUV ကားကတော့ Base Highlander ကားနဲ့ ပိုကြီးတဲ့ Body-On-Frame ကား Sequoia တို့ အကြားမှာ ရပ်တည်လာနိုင်ပါတယ်။

Photo Credit: AllAutoExperts

အခု ပြသလာမယ် ဆိုတဲ့ ကားသစ်ကတော့ Hybrid အင်ဂျင်နဲ့ ပွဲထွက်လာမယ့် Platinum Trim ဖြစ်တယ်လို့လည်း သိရပါတယ်။ လက်ရှိမှာတော့ Toyota ရဲ့ စံအရဆိုရင် များသောအားဖြင့် Platinum Trim က အမြင့်ဆုံး မော်ဒယ် ဖြစ်လေ့ရှိကာ Crown ရဲ့ အမြင့်ဆုံး Trim မှာလည်း အလားတူ ဖြစ်ပါတယ်။ Crown မှာတုန်းကတော့ 2.4 Liter Turbocharged Four-Cylinder Engine ကို အရှေ့ဘက်မှာ တွဲဖက်တပ်ဆင် ထားတဲ့ လျှပ်စစ်မော်တာနဲ့အတူ Hybrid စနစ် ရလာခဲ့တာပါ။ စွမ်းဆောင်ရည်ကလည်း 360 hp အထိကို ရှိတာဖြစ်လို့ အခု All-New Grand Highlander ကားသစ်မှာလည်း ဘယ်လောက်အထိ ရှိလာမလဲဆိုတာ သေချာစောင့်ကြည့်သွား ရတော့မှာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts