Toyota ကတော့ သူတို့ရဲ့ ကားမော်ဒယ်တွေကို GR ဆိုတဲ့ မျိုးကွဲနဲ့ ထပ်တိုး ထုတ်လုပ်ပေးလာခဲ့တာ လေးနှစ်အထိ တောင် ရှိလာခဲ့ပြီ ဖြစ်ပြီး GR Model ရဲ့ အောက်မှာ GR Sport ကိုလည်း ထုတ်လုပ်ပေးလာ နေပါ တယ်။ ဒါပေမယ့် GR တွေထဲ အမြင့်ဆုံးဖြစ်တဲ့ GRMN အမျိုးအစားကိုတော့ Yaris Pocket Rocket ကားမှာသာ ရရှိထားဖူးသေးပြီး GR Model တွေကိုတော့ Corolla ၊ 86 နဲ့ Supra တွေမှာရထားပြီး ဖြစ်ပါတယ်။ GR Sport Model တွေအနေနဲ့ ဆိုရင်တော့ Toyota ကား အတော်များများမှာ ပါလာလေ့ရှိပြီး ဂျပန်ဈေးကွက်ထဲမှာ ဆိုရင် Minivan ကားက အစ ရလေ့ ရှိပါတယ်။ အခုဆိုရင်တော့ GR Sport မျိူးကွဲတွေထဲ ဥရောပ ဈေးကွက်ထဲက RAV4 ကားပါ ပါဝင်လာပြီ ဖြစ်ပြီး ယခင် Yaris ၊ Yaris Cross ၊ C-HR နဲ့ Hilux Pickup Truck ကားတွေနဲ့ အတူတူ ဖြစ်လာပါပြီ။ တကယ် တော့ GR Sport ဆိုတာ စက်ပိုင်းဆိုင်ရာ ပြောင်းလဲမှုအနည်းငယ်နဲ့ ဒီဇိုင်းပိုင်းများများ ပြောင်းလာတတ်တာဖြစ်ပြီး အခု ကားသစ်မှာတော့ အင်ဂျင် Suspension ပိုင်းနဲ့အတူ Shock Absorber ‌တွေကိုပါ Sport Mode ရအောင် Tuning လုပ်ထားပေးတာ တွေ့ရပါတယ်။ အခုလို ပြင်ဆင်ပေးထားတာကြောင့် ကားသစ်တွေမှာ ထိန်းချုပ်မောင်းနှင်ရတဲ့ အရသာကောင်းကို ပိုရလာမှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit: motor 1.com

RAV4 ရဲ့ GR Sport Edition အသစ်ကိုတော့ Hybrid အပြင် Plug-In Hybrid အနေနဲ့ပါ ရရှိနိုင်မှာဖြစ်ပြီး ဒီဇိုင်း ပိုင်း အရတော့ ဘီးဖုံးနားလေးတွေမှာ Piano Black အရောင် နဲ့ Trim လေးတွေ ထည့်ပေးလာပါ တယ်။ အလားတူ အပြင်အဆင်မျိုးတွေကို ကားရဲ့ဘေးဘက်တွေနဲ့ အနောက်ဘက် တံခါးဘောင်တွေမှာလည်း ထည့်ပေးထားပြီး အရှေ့ဘက် Spoiler လို နေရာမျိုးမှာတော့ Hybrid ကားမှာဆိုရင် Dark Silver အရောင် ၊ PHEV တွေမှာဆိုရင် Gunmetal ဒီဇိုင်းတို့နဲ့ ပြင်ဆင် ခြယ်သပေးထားတာ တွေ့ရမှာပါ။  GR ဆိုတဲ့ အမှတ်တံဆိပ်လေး ကိုတော့ ခပ်ပါးပါးလေးပဲ ထည့်ပေးထားပြီး အရှေ့ဘက်မှာ Fog Lights တွေကို လည်း အသစ်ထည့်သွင်း ပေးထား လိုက်ပါတယ်။ Toyota ကတော့ အခု ကားသစ်တွေဟာ Ultra-Precise Line-Cutting ဆိုတဲ့ အတော်လေးတိကျ သေသပ်တဲ့ ပုံသွင်းနည်းပညာသုံး အလွိုင်းဘီး‌တွေသုံးထားမယ့် ပထမဆုံးကားတွေ ဖြစ်တယ်လို့လည်း ဆိုထား ပါသေးတယ်။ ဘီးတွေကတော့ ၁၉ လက်မအရွယ် ရှိပြီး Five-Double-Spoke ပုံစံကိုမှ အရောင်ခပ်တောက်တောက် နဲ့အတူ Glossy Black အရောင်ကိုလည်း သုံး ပေးထားသေးတာ တွေ့ရမှာပါ။

Photo Credit: motor 1.com

Grade မြင့်သွားတဲ့ ကားသစ်တွေ ဖြစ်တာကြောင့် အထဲက Sport ထိုင်ခုံတွေကလည်း Upholstery အသားတွေ ကိုမှ Synthetic လယ်သာသားတွေနဲ့ ဖြစ်လာခဲ့ပါတယ်။ GR တံဆိပ်တွေကိုလည်း ထိုင်ခုံနောက်မှီ နေရာ လေးတွေမှာ ထပ်တွေ့ရဦးမှာဖြစ်ပြီး ထိုင်ခုံအပြင် ၊ ဂီယာတံနဲ့ စတီယာတိုင် နေရာတွေမှာ ငွေရောင်လိုင်း လေးတွေကိုလည်း ထည့်သွင်း ပေးထားပါသေးတယ်။ ပိုပြီး သိသာကွဲပြားတဲ့ ဒီဇိုင်းပုံကို ရစေဖို့အတွက် တံခါးဘောင်တွေနဲ့ စတီယာတိုင် ‌မှာ Gunmetal Trim အသစ်တွေကိုပါ ထည့်ပေးလိုက်‌သေးတာ ဖြစ်ပါတယ်။ အခု ကားသစ်က ဥရောပ ဈေးကွက်ရဲ့ 2023 RAV4 ကိုပဲ အခြေခံထားတာ ဖြစ်လို့ နောက်ဆုံးပေါ် ၁၂.၃ လက်မအရွယ် Driver Display နဲ့ ၁၀.၅ လက်မ အရွယ် Infotainment Display တွေကိုပါ ရရှိလာပါပြီ။ လုံခြုံရေးစနစ် တွေမှာလည်း ကားသစ်မှာ အတော် များများ တိုးတက်လာခဲ့ပြီး အရေးပေါ် အချိန်တွေ မှာ အလိုအလျောက် အလုပ်လုပ်နိုင်မယ့် စတီယာတိုင်နဲ့ ယာဉ်တိုက်မှု ဖြစ်နိုင်ချေကို ကြိုတင်သတိပေးနိုင်မယ့် စနစ်တွေလည်း ပါဝင်လာခဲ့ပါပြီ။ အခု ကားသစ်တွေကို ဒီနှစ် မကုန်ခင်မှာပဲ ဥရောပ ဈေးကွက်ထဲ စတင်ရရှိလာတော့မယ်လို့ သိရပါတယ်။

Ref: motor 1.com