၁၉၅၅ ခုနှစ် ကတည်းက ထုတ်လုပ်လာခဲ့တဲ့ နာမည်ကျော် Toyota Crown ကားတွေ ဆိုတာကတော့ မျိုးဆက် ၁၅ ဆက်ထက် မနည်း ရှိလာခဲ့ပြီး အကုန်လုံးနီးပါးကတော့ များသောအားဖြင့် Sedan အနေနဲ့ပဲ ရောင်းချကြတာပါ။ ဒါတင် မကသေးပဲ Coupes တွေ ၊ Wagons တွေနဲ့ Pickup တွေ အထိတောင် ထုတ် လုပ်ခဲ့ကြဖူးပေမယ့် တကယ်တမ်း အချိန်အကြာကြီး နာမည်ရနေတာကတော့ Saloon ကားပါပဲ။ ပြီးခဲ့တဲ့ ၂၀၂၁  ဧပြီ တုန်းကတော့ အခု Crown ကိုပဲ တရုတ် ဈေးကွက်ထဲမှာ SUV ဆိုတဲ့ အမျိုးအစားအသစ်နဲ့ အတူ ‌မြင်လာခဲ့ရကာ အခုဆိုရင်တော့ Crown အသစ်ကို တစ်စထက် တစ်စ အကြမ်းအနေနဲ့ မြင်လာရပါပြီ။ အခု မြင်ရတဲ့ နမူနာပုံရိပ် တွေထဲမှာတော့ သေချာပေါက် ကိုယ်ထည် ပုံစံ ပြောင်းလဲနေတဲ့ Crown ကို မြင် ရပြီ ဖြစ်ပါတယ်။ သီးသန့် နာမည်တစ်မျိုး အနေနဲ့တွေ့ရတာတော့ မဟုတ်ပေမယ့် Crown ကား ဆိုတာကိုမှ နဂိုကတည်းက သိထားတဲ့ ခပ်မြင့်မြင့် SUV တစ်စီးဆိုတာတော့ သိသာ နေပါတယ်။ ကားရဲ့ပုံစံကတော့ Citroen C5 X နဲ့တောင် ခပ်ဆင်ဆင်တူနေပြီး တရုတ်ရဲ့ Ford Evos ကလည်း အလားတူ ကိုယ်ထည်မျိုး ရှိနေတာပါ။ ယခင်တုန်းက ကားတွေထဲမှာ ဆိုရင်တော့ Honda ရဲ့ Crosstour ကားတွေ နဲ့လည်း နည်း နည်းဆင်တူနေပြန်ပါတယ်။

Photo Credit: motor 1.com

ကားကတော့ တကယ်သာ ထွက်လာပြီဆိုရင် Crown Cross ဆိုတဲ့ နာမည်နဲ့ဖြစ်လာနိုင်ပြီး အချိုးအစား တွေကို ခန့်မှန်းကြည့်ရရင်တော့ အရှည် ၁၉၄ လက်မ၊ အကျယ် ၇၂.၄ လက်မ နဲ့ အမြင့်ကတော့ ၆၀.၆ လက်မ လောက် အထိ ဖြစ်လာပါတယ်။ ကားရဲ့ Wheelbase ကတော့ ၁၁၂.၂ လက်မ အထိ ရှိတာကြောင့် ဘယ်လို အချိုးအစားပဲ ဖြစ်ဖြစ် ယခင် Sedan နဲ့ယှဉ်ရင် ပိုကြီးလာပြီး Wheelbase ကတော့ ပိုပြီး တိုလာခဲ့ ပါတယ်။ ဂျပန် ကလာတဲ့ သတင်းတွေအရ ဆိုရင်တော့ Toyota ဟာ Crown ကို ပြန်လည် ဆန်းသစ်ထား တဲ့ ကားတစ်စီး အနေနဲ့ ဖန်တီးချင်နေပြီး အင်ဂျင်ပိုင်းမှာ လည်း Four-Cylinder 2.5 Liter Hybrid Engine ကို CVT Gear နဲ့ တွဲလာဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် Turbocharged 2.4 Liter အင်ဂျင်ကိုမှ လျှပ်စစ်မော်တာ ၊ Six-Speed Automatic Gearbox တို့နဲ့ အတွဲအစပ် မျိုး လည်း ဖြစ်လာ နိုင်ပါသေးတယ်။ ကားကတော့ TNGA-K Platform ပေါ်မှာ ဖန်တီးထုတ်လုပ်လာနိုင်ပြီး Front-Wheel Drive ဒါမှမဟုတ် All-Wheel Drive စနစ်တွေကို ရွေးချယ်လို့ရလာနိုင်ကာ Plug-In Hybrid အမျိုးအစား ကိုလည်း နောက်တစ်မျိုး အနေနဲ့ ရွေးဝယ်ဖို့ ပါနိုင်ပါသေးတယ်။

Photo Credit: motor 1.com

အခု ကားသစ်ကို တရားဝင် ချပြနိုင်ဖို့ အတွက်ကိုတော့ လာမယ့် ဇူလိုင်လ ၁၅ ရက်နေ့လို့ သတ်မှတ်ထား တာကြောင့် Crown SUV အနေနဲ့ အမေရိကလို အခြားသော ဈေးကွက်တွေအထိ ရောက်နိုင် မရောက်နိုင် ဆိုတာကတော့ လောလောဆယ် အတိအကျ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် တကယ်သာ နိုင်ငံတကာ ဈေးကွက်ထဲ ရောက်မယ် ဆိုရင်တော့ 2022 မော်ဒယ် တွေအပြီး ဈေးကွက်ထဲ ရောက်မလာတော့မယ့် Avalon ကားတွေရဲ့ နေရာကို တိုက်ရိုက် အစားထိုး လာတာ ဖြစ်နိုင်ပါတယ်။ နောက်ထပ် တစ်မျိုး စဉ်းစား စရာ ကောင်းပြန်တာကတော့ Toyota အနေနဲ့ Rear- Wheel Drive စနစ်သုံး Sedan ကို ပုံမှန်အတိုင်း ဆက်ရောင်း မရောင်း ဆိုတာလည်း ပါဝင်နေပါတယ်။

Ref: motor 1.com