Suzuki ရဲ့ Swace ကား ဆိုတာကတော့ တစ်ဖက်က Toyota Corolla Touring Sports ကားနဲ့ နာမည်ပဲကွဲတဲ့ တွဲဖက် မော်ဒယ် ဖြစ်တာကြောင့် အခုဆိုရင် အပြောင်းအလဲ သစ်တွေနဲ့ တစ်ဖန်ပြန်လည် ပွဲထွက်လာဖို့ ရှိနေခဲ့ပါပြီ။ ကားရဲ့ နဂို Hybrid အင်ဂျင်ကို အဆင့်မြှင့်တင်ပြီး ၊ LED မီးအသစ်တွေ ထပ်ထည့်ကာ အတွင်းခန်းထဲမှာလည်း ခေတ်မှီ နည်းပညာသစ် တွေကိုပါ ပေါင်းစပ်ပေးလာဖို့ ရှိနေတာပါ။ အကြီးမားဆုံး အပြောင်းအလဲ တစ်ရပ်ကတော့ 18 hp လောက်အထိ စွမ်းဆောင်ရည် တိုးတက်လာတဲ့ 1.8 Liter Hybrid အင်ဂျင်စနစ်ဖြစ်ပြီး အလိုအလျောက် ပြန်အားသွင်းနိုင်တဲ့ နည်းပညာကိုလည်း သုံးပေးထားကာ 138 hp အထိကို စုစုပေါင်း စွမ်းဆောင်ရည်က မြင့်တက်လာမှာ ဖြစ်ပါတယ်။ 

Photo Credit: AllAutoExperts

ကားရဲ့ အင်ဂျင်အသစ်နဲ့အတူ Front-Wheel Drive စနစ် ၊ Continuously Variable ဂီယာ အသစ်ကိုလည်း တွဲဖက် ပေးထား ဦးမှာပါ။ အခုလိုမျိုး အပြောင်းအလဲ အသစ်တွေကြောင့်လည်း တစ်နာရီ ၆၂ မိုင်နှုန်း အထိ ပမာဏကို ၉.၄ စက္ကန့် အတွင်းမှာတင် အရှိန်တင် ပေးနိုင်မှာဖြစ်ကာ အမြင့်ဆုံး မြန်နှုန်းက အစ ၁၁၂ မိုင် အထိ ကိုရှိလာမှာ ဖြစ်ပါတယ်။ ကားသစ်ရဲ့ အပြင်ပိုင်း အပြောင်းအလဲတွေ ကတော့ ဒီဇိုင်းအရတင် အတော်လေး မြင်သာထင်သာ ရှိနေပါတယ်။ ဒါ့အပြင် အပြင်ဘက်မှာ ဘန်ဘာရဲ့ အောက်တစ်ဝက် လောက်အထိ Chrome Pattern ‌သစ်လေးတွေ ထည့်ဖို့ ရွေးချယ် နိုင်သေးကာ ရှေ့မီးကြီးတွေ အတွက် LED Graphics ပုံစံ တွေကိုလည်း ရွေးနိုင်ပါသေးတယ်။ ဒါ့အပြင် အတွင်းခန်း Infotainment စနစ်အတွက် အသုံးတည့်မယ့် ၈ လက်မ အရွယ် Touchscreen ၊ ၇ လက်မအရွယ် Digital Instrument Cluster တို့ကိုလည်း Graphics အသစ်တွေနဲ့ အတူ ဖန်တီး ပေးထားသေးတာပဲ ဖြစ်ပါတယ်။ 

Photo Credit: AllAutoExperts

လက်ရှိမှာတော့ အမျိုးအစား နှစ်မျိုးခွဲကာ ရောင်းချထားတာ ဖြစ်ပြီး Basic Model မှာ ဆိုရင်တော့ Digital Cockpit အတွင်းခန်း ၊ အပူပေး စနစ်ခုံတွေ ၊ ၁၆ လက်မ အရွယ် အလွိုင်းဘီး တွေ ၊ LED နောက်မီးတွေနဲ့ ADAS Package တွေ ကိုကအစ ထည့်ပေးထားပြီဖြစ်ပါတယ်။ Top-Tier Trim မှာဆိုရင် အခုလို Standard Features တွေအပြင် ပို အဆင့်မြင့်တဲ့ ADAS စနစ် လည်း ပါဝင်လာမှာပါ။ အဆိုပါ စနစ်မှာ ဆိုရင်တော့ All-Speed Dynamic Radar Cruise Control စနစ် ပါဝင်ထားပြီး Blind Spot မျက်ကွယ်ရာကို ထောက်လှမ်း ပေးမယ့် စနစ်တွေက အစပါဝင်လာပါတယ်။ ဒါ့အပြင် ကားထဲကအရေးပေါ်  အခြေအနေမှာ အလျှင်အမြန် ထွက်နိုင်ဖို့ အပြင် bi-LED Headlight မီးကြီး တွေ ၊ ကြိုးမဲ့ အားသွင်းစနစ်တွေနဲ့ Ambient မီးအလင်း အမှောင် စနစ်တွေလည်း ပါဝင်လာပြီ ဖြစ်ပါတယ်။ လက်ရှိ နယ်သာလန် ဈေးကွက်ထဲမှာ ရရှိနေပြီ ဖြစ်တဲ့ အဆိုပါ ကားသစ်ကတော့ Standard Version ကိုဆိုရင် $ 39,378 Top-Tier Trim ဖြစ်တဲ့ 2023 Swace Style ကိုဆိုရင် $ 41,578 အထိ အသီးသီး ကျသင့်မှာပဲ ဖြစ်ပါတယ်။ 

Ref: AllAutoExperts