Land Rover ရဲ့ Range Rover Velar ကားသစ်ကတော့ ၂၀၂၃ မော်ဒယ် အဖြစ်နဲ့ ဈေးကွက်ထဲကို ဝင်ရောက်လာ ရာမှာ HST ဆိုတဲ့ Grade အသစ်တစ်မျိုးကိုပါ ယူဆောင်လာပေးပြီ ဖြစ်ပါတယ်။ ယခင်တုန်း ကတော့ Range Rover Sport နဲ့ Range Rover Evoque တို့မှာ ဖန်တီးပေးခဲ့ဖူးတဲ့ အဆိုပါ Grade အသစ် သာ ဆိုရင် ဒီဇိုင်းပိုင်း အပြောင်းအလဲတွေနဲ့ Chassis ပိုင်း အဆင့်မြှင့်တင် မှုတွေနဲ့ အတူ အတော်လေး နာမည်ရခဲ့ ဖူးတာပါ။ HST Grade ကတော့ R-Dynamic S အပေါ်မှာ ဖန်တီးထားပြီး အပြင်ဘက်မှာလည်း အနက်ရောင် Accents လေးတွေနဲ့ ကားကိုအလှဆင်ပေးထားပါသေးတယ်။ အနက်ရောင်အမိုးနဲ့ ၂၁ လက်မ အရွယ်ဘီးကြီးတွေ ကလည်း အခု Grade မှာမှ သီးသန့် ရနိုင်တဲ့ အချက်တွေ ဖြစ်ပြီး ကားရဲ့ အပြင်ဘက် အရောင်ကိုလည်း Arroios Gray ဆိုတဲ့ မီးခိုးရောင် နောက်တစ်မျိုး အဖြစ် ရွေးချယ်နိုင်ဦးမှာပါ။

Photo Credit: MotorAuthority

ကားရဲ့ အတွင်းခန်းမှာတော့ Headliner နဲ့ စတီယာတိုင်အတွက် အနက်ရောင် Suede-Like Material တွေနဲ့ ထည့်သွင်း ဖန်တီးပေးထား ပါတယ်။ ဒါတင်မကသေးပဲ  Panoramic Sunroof  နဲ့ နည်းပညာပိုင်းမှာ လည်းယာဉ်မောင်းကို အမျိုးမျိုး အထောက်အကူ ပေးနိုင်မယ့် Adaptive Cruise Control စနစ်ကိုလည်း ထည့်ပေးထား ပါသေးတယ်။ အဆိုပါ စနစ်မှာ ဆိုရင်တော့ စတီယာတိုင် အကူစနစ် အပြင် ၊ ကားပါကင် အကူစနစ်နဲ့ ပတ်ပတ်လည် မြင်ရမယ့် ကင်မရာတို့လည်း ပါဝင် လာပါတယ်။ ကားရဲ့Chassis ပိုင်း မှာ ဆိုရင် တော့ Air Suspension စနစ် နဲ့ Adaptive Dampers တွေက မူလစံစနစ်အနေနဲ့ ထည့်ပေးထားပြီ ဖြစ်ပြီး Adaptive Dampers ‌တွေ ဆိုရင် လမ်း အနေအထားကို အလိုအလျောက် ထောက်လှမ်းသိရှိနိုင်ပြီး ကားနဲ့ လိုက်ဖက်အောင် လိုသလိုပြောင်းလဲ ပေးသွားနိုင် မှာပါ။ ဒါတင်မကသေးပဲ ယာဉ်မောင်းတဲ့ သူက စိတ်ကြိုက် ရွေးချယ် မှတ်သားထားနိုင်မယ့် ရွေးချယ်မှုမျိုး ကိုလည်း လုပ်ဆောင်နိုင်ဦးမှာပါ။

Photo Credit: MotorAuthority

အခု HST Grade အသစ်မှာတော့ Velar ရဲ့ Range အမြင့်ဆုံး‌သော အင်ဂျင်ကို ထည့်ပေးထားပြီး 3.0 Liter Turbocharged Inline-Six အင်ဂျင်နဲ့ Mild-Hybrid တို့ကို ပေါင်းစပ်ပေးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ အင်ဂျင်စွမ်းဆောင်ရည်ကြောင့် 395 hp အထိ စွမ်းဆောင် နိုင်တာကို တွေ့ရပြီး တစ်နာရီ မိုင် ၆၀ နှုန်းအထိ မောင်းနှင် နိုင်ဖို့ ကိုတော့ ၅.၂ စက္ကန့် ပဲ အချိန်ယူရမှာဖြစ်ကာ အမြင့်ဆုံး မောင်းနှင်အားက တော့ တစ်နာရီ ၁၅၅ မိုင် အထိ ရှိတာ ဖြစ်ပါတယ်။ Velar ရဲ့ Standard အင်ဂျင်တုန်းက ဆိုရင်တော့ 2.0 Liter Turbocharged Inline-4 Engine ကိုသာ သုံးထားခဲ့တာ ဖြစ်ပြီး 247 hp အထိ စွမ်းဆောင်နိုင်ခဲ့တာ ပါ။ တစ်နာရီ မိုင် ၆၀ နှုန်း ရောက်ဖို့ကိုတော့ ၇.၁ စက္ကန့် လောက် အထိ အချိန်ယူခဲ့ရပြီး အမြင့်ဆုံး အနေနဲ့က လည်း တစ်နာရီကို ၁၃၅ မိုင် အထိပဲ မောင်းနှင်နိုင်တာ ဖြစ်ပါတယ်။ Range Rover Velar HST Grade အသစ် ကိုတော့ ဈေးနှုန်းအနေနဲ့ $ 80,350 ကစလို့ စတင် ဝယ်ယူနိုင် ပြီပဲ ဖြစ်ပါတယ်။ လက်ရှိ 2023 Range Rover Velar Range ထဲက ကားဈေးနှုန်းတွေ အနေနဲ့ကတော့ 2023 Land Rover Range Rover Velar S  ကို $ 61,450၊ 2023 Land Rover Range Rover Velar R-Dynamic S ကို $ 63,550 နဲ့ 2023 Land Rover Range Rover Velar HST ကို $ 80,350 စသဖြင့် အသီးသီး ဈေးပေါက် နေတာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority