Polestar တို့ကတော့ သူတို့ရဲ့ 2023 Polestar 2 ကားသစ်ကို လုပ်ဆောင်ချက် အသစ်တွေ ထပ်ထည့်ပေး ရင်း အမေရိကဈေးကွက်အတွက် ဈေးနှုန်းကိုပါ တစ်ပါတည်းကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ‌ကားရဲ့ ဈေးနှုန်း ကို ကြည့်လိုက်ရင်တော့ ဈေးတက်သွားပြီ ဆိုတာ သိသာပေမယ့် လျှပ်စစ် ကားတစ်စီးအတွက် အရေးတကြီး လိုအပ်တာတွေ ဖြစ်တဲ့ အားတစ်ခါ သွင်းရင် ဘယ်လောက် မောင်းနိုင်မှာလဲ ဆိုတဲ့ Range ကို မြှင့်ပေးလိုက် တာဖြစ်လို့ မဆိုးဘူးပဲ ပြောရမှာပါ။ 2023 Polestar 2 လျှပ်စစ်မော်တာ တစ်လုံးတပ် ကားကတော့ $ 48,400 ကနေ စတင်မှာဖြစ်ပြီး ယခင်ကထက် ဒေါ်လာ ၁,၂၀၀ လောက်ကို‌ ဈေးတက်သွားတာပါ။ ဒါ့အပြင် ‌မော်တာ ၂ လုံးတပ်ကို ရွေးမယ်ဆိုရင် တော့ $ 51,900 အထိ ကျသင့်မှာဖြစ်ကာ နောက်ထပ် $ 1,400 တန် အခွန်နဲ့ $ 7,500 တန် ဒေသဆိုင်ရာ အခွန်တွေပါ ဆက်လက် ပေးဆောင် ရဦးမှာဖြစ်ပါတယ်။

Photo Credit: motor 1.com

Range အဓိက မြင့်တက်လာတာကတော့ ဆွဲဆောင်မှု ကြီးကြီးမားမား ဖြစ်လာခဲ့ပြီး မော်တာ ၂ လုံး တပ် ကားဟာ EPA စံနှုန်းအရဆိုရင် တစ်ခါ အားသွင်းထားတာနဲ့ ၂၆၀ မိုင် အထိကို မောင်းနှင်နိုင်တော့မှာပါ။ အခုလိုမျိုး တိုးတက်လာ တာကတော့ Software ပိုင်း အဓိက ပြောင်းလဲမှုကြောင့်ဖြစ်ပြီး ၂၀၂၂ မော်ဒယ်နဲ့ ယှဉ်ရင် ၁၁ မိုင် လောက် အထိကို ပိုများလာတာ ဖြစ်ပါတယ်။ 2023 Polestar 2 လျှပ်စစ် မော်တာ တစ်လုံး တပ်ဆိုရင်လည်း EPA စံနှုန်း အရ ၂၇၀ မိုင် အထိကို ရှိလာနိုင်ပါတယ်။ ဒါ့အပြင် ကားသစ်မှာ ပါလာမယ့် အခြားသော အဆင့်မြှင့်တင်မှုတွေကိုလည်း ချပြသွားခဲ့ပေမယ့် အမေရိက ဈေးကွက်ထဲမှာတောင် အကုန်ရ ဦးမှာ မဟုတ်ပါဘူး။ အမေရိက  ‌ဈေးကွက်အတွက် ကားမှာ ဆိုရင်တော့ အဆင့်မြှင့်တင်ထားတဲ့ Heat Bump ပါဝင်လာပြီ ဖြစ်ပြီး ရာသီဥတု အေးခဲလွန်းတဲ့ အနေအထား တွေအတွက် ပိုပြီး အဆင်ပြေလာဖို့ ရှိပါတယ်။ ဒါ့အပြင် ဒီဇိုင်းအသစ်ကြောင့်လည်း အတွင်းရော အပြင်ပါ သိသိသာသာ ပြောင်းလဲလာသလို ပိုပြီး အဆင့်မြင့်လာတဲ့လေ အရည်အသွေး စစ်ဆေးသန့်စင်စနစ် Sensor  လည်း ပါဝင်လာခဲ့တာပါ။

Photo Credit: motor 1.com

အခု ကားအသစ်ကိုတော့ Space လို့ အမည်‌ပေးထားတဲ့ သတ္တုအနက်ရောင် အပြင် Jupiter လို့ အမည်ရတဲ့ သတ္တု Shade အရောင်လေးတွေကိုလည်း အရောင်အသစ်တွေအဖြစ် ရွေးချယ်လာနိုင်ပါပြီ။ ကားမှာတော့ ၁၉ လက်မ အရွယ် ဘီးတွေ ထည့်ပေးထားပြီး လိုအပ်ရင် နောက်ထပ် လက်မ ၂၀ အရွယ် ဘီးတွေကိုလည်း တပ်ဆင်နိုင်ပါသေးတယ်။ အတွင်းခန်းမှာ ဆိုရင်လည်း Ventilated Nappa လယ်သာ သားတွေကိုမှ မီခိုး ရောင် အဖျော့ Zinc အရောင်နဲ့ ရနိုင်ပြီး Light Ash Wood Trim လေးတွေနဲ့ လှလှပပေါင်းစပ် ပေးထား ပါတယ်။ စွမ်းဆောင်ရည်ပိုင်းမှာ ပိုကောင်းစေမယ့် Performance Pack ဆိုတာ ကိုလည်း အခု ကားသစ် မှာ မှ ထည့်ပေးထားပါတယ်။ အဆိုပါ Pack သုံးထားမယ် ဆိုရင် တော့ ကားဟာ သာမန် စွမ်းဆောင်ရည်ထက် 68 hp နဲ့ 15 lb-ft Torque အထိကို ပိုတိုးတက်လာမှာ ဖြစ်ပြီး အဆိုပါ Pack ကတော့ မော်တာ ၂ လုံးတပ် ကားအတွက် သီးသန့်ပဲ ရနိုင်မှာပါ။ ဒါပေမယ့် လက်ရှိ မော်တာ ၂ လုံး တပ် ကားတွေ အပြင် နောက်ပိုင်း ထွက်လာဦးမယ့် မော်တာ ၂ လုံးတပ် ကားတွေအတွက်ကိုလည်း Performance Pack ထပ်ထည့်စရာမလိုပဲ Software ပိုင်းနဲ့ အဆင့်မြှင့်တင် ပေးနိုင်မယ်လို့ သိရပါတယ်။ အဆိုပါ 2023 Polestar ကားသစ် တွေကို တော့ လာမယ့် စက်တင်ဘာလ လောက်မှာ မှာယူထားသူတွေထံ စတင်ပို့ဆောင်လာ နိုင်ပါတယ်။

Ref: motor 1.com