Peugeot ကား ကုမ္ပဏီကတော့ ယခင်တုန်းက ကတိပေးထားခဲ့ဖူးတဲ့ အတိုင်း အင်ဂျင်မပါတဲ့ လျှပ်စစ် Compact ကားသီးသန့် ဖြစ်တဲ့ E-308 ကို ထုတ်လုပ်ပေးလိုက်ပါပြီ။ အဆိုပါကားကတော့ ယခင် ICE Model တွေနဲ့ Platform အတူတူပေါ်မှာပဲ ဖန်တီးထားတယ် ဆိုပေမယ့် ဒီဇိုင်းတွေကတော့ အတွင်းရောအပြင်မှာပါ ပြောင်းလဲ ပေးထား လိုက်ပါတယ်။ ၁၈ လက်မ အရွယ် ဘီးဒီဇိုင်းအသစ်တွေကို Aerodynamic Effiency ပိုကောင်းအောင် လုပ်ပေး လိုက်နိုင်တာကြောင့် ဘက်ထရီကနေ သာမန်ထက် ပိုကောင်းတဲ့ Range ပမာဏကိုပါ ပေးလာနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အခု ကားအသစ်မှာ ထူးခြားတာက 51 kWh အထိ သုံးနိုင်တဲ့ မျိုးဆက်သစ် ဘက်ထရီကိုထည့်သွင်း ပေးထား ပါတယ်။ 400 V အထိကို စွမ်းဆောင်နိုင်မယ့် အဆိုပါ ဘက်ထရီမှာတော့ တည်ဆောက်ပုံ အသစ်တွေ သုံးထားပြီး ၈၀% သော နီကယ် ၊ ၁၀ % သော Manganese နဲ့ ၁၀‌% သော Cobalt တို့ ပါဝင်လာပါတယ်။ ဒါကြောင့် ကားကို အားအပြည့်သွင်းထားမယ်ဆိုရင် WLTP Cycle အရ မိုင် ၂၅၀ နီးပါး လောက်အထိကို မောင်းနှင်နိုင်မှာပါ။

Photo Credit: motor 1.com

ကားဒီဇိုင်း အရတော့ အရှေ့ဘက် မျက်နှာစာနဲ့ ကိုယ်ထည်အောက်တွေကို Aero အပိုင်း ပိုကောင်းအောင် တည်ဆောက်ပေးလာပြီး ပွတ်တိုက်မှု အားနည်းတဲ့ တာယာတွေကိုလည်း သုံးပေးထားပါတယ်။ အခုကား တွေမှာ တော့ Brake Driving Mode ဆိုတဲ့ မောင်းနှင်ပုံ အသစ်တစ်မျိုး ထည့်ပေးထားပြီး လီဘာကို လွှတ်လိုက်တာနဲ့ စွမ်းအင်ချွေတာနိုင်အောင် အရှိန်လျှော့ပေးလိုက်တာမျိုး လုပ်ပေးနိုင်ပါလိမ့်မယ်။ အားသွင်းနှုန်း အရတော့ အမြင့်ဆုံး အနေနဲ့ 100 kw အထိကို ပေးနိုင်တာကြောင့် ၂၀% ကနေ ၈၀% အထိ အားပြည့်ဖို့ ဆိုရင် ၂၅ မိနစ် လောက်ပဲ အချိန်ယူရမှာပါ။ Hatchback အနေနဲ့ရော Wagon ကိုယ်ထည်နဲ့ပါ ရနိုင်မယ့် အဆို ပါ E-308 ကားတွေမှာတော့ ပုံစံ အသစ်နဲ့ လျှပ်စစ်မော်တာတွေလည်း ပါဝင်လာတာကြောင့် 156 hp နဲ့ 191 lb-ft Torque အထိကို စွမ်းဆောင်လာ နိုင်မှာ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်ပိုင်း ပမာဏတွေ အထိတော့ မဖော်ပြထား သေးပေမယ့်လည်း လျှပ်စစ်ကား ကောင်း တစ်စီးမှာ မြင်တွေ့နေကြ Response ကောင်းကောင်းနဲ့ ရလာနိုင်မယ် ဆိုတာတော့ သေချာပါတယ်။

Photo Credit: motor 1.com

Peugeot အနေနဲ့ အဆိုပါ ကားသစ်တွေကို လာမယ့်နှစ် နှစ်လယ်ပိုင်းလောက်မှာ Allure နဲ့ GT Trim Level တွေ ကနေ စတင်ရောင်းချ ပေးတော့မှာပါ။ ဝယ်ယူလိုသူတွေ အနေနဲ့ကတော့ ကုမ္ပဏီရဲ့ Website ကနေ Hatchback ပဲဖြစ်ဖြစ် Wagon ပဲ ဖြစ်ဖြစ် စိတ်ကြိုက် ရွေးဝယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပိုကောင်းတဲ့ တစ်ချက်ကတော့ ကိုယ့်မှာ ရှိပြီးသား ကုမ္ပဏီရဲ့ ကားဟောင်းတွေကနေလည်း အလိုက်ပေးပြီး ပြန်လည် လဲလှယ် နိုင်ဦးမှာပါ။ ဒါတင်မကသေးပဲ Website ကနေ တစ်ပါတည်း ငွေချေဝယ်ယူ ဒါမှမဟုတ် လဲလှယ်ပြီးတာနဲ့ ဘာမှ အပိုထပ်ဆောင်း ပေးစရာမလိုတော့ပဲ ကားသစ်ကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးမှာပါ။ Peugeot ကတော့ အခု E-308 SW ကားတွေဟာ ဥရောပ ကားကုမ္ပဏီတစ်ခုကနေ ပထမဆုံးအကြိမ် ထုတ်လုပ်တင်ပို့နိုင်တဲ့ လျှပ်စစ် Wagon ကားတွေ ဖြစ်လာတယ်လို့ ဆိုထားခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း ဈေးကွက်ထဲမှာကတော့ ယခင်တုန်း ကတည်းက Porsche Taycan Sport/Cross Turismo ကားတွေဟာ အမိုးအရှည်နဲ့ လျှပ်စစ်ကားတွေ စတင်ဖြစ်ခဲ့ဖူးပါတယ်။ အခု ကားအသစ် ၂ မျိုးကတော့ MG5 Electric Wagon အသစ်တွေနဲ့ အတူတူတွဲပြီး ဈေးကွက်ထဲ နေရာယူလာ တော့မှာ ဖြစ်တာကြောင့် ဘယ်လောက်အထိ ရောင်း‌အား ကောင်းလာနိုင်မလဲ စောင့်ကြည့်ရတော့မှာပါ။

Ref: motor 1.com