မနှစ်ကမှ ထွက်ရှိထားခဲ့တဲ့ Peugeot ကားသစ်လေး တစ်စီးကတော့ 2023 Version အသစ်အနေနဲ့ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ လျှပ်စစ် ကားလေးတစ်စီးဖြစ်တဲ့ အဆိုပါ e-208 ကားလေးရဲ့ တစ်ကြိမ်အားသွင်းရုံ နဲ့ မောင်းနှင်နိုင်မယ့် Range ပမာဏဟာ ယခင် ကားအဟောင်းထက် ၆.၅% (၁၄ မိုင်)လောက်အထိ ပိုတိုးတက်လာ ခဲ့တာပါ။ အခုလို သိသိသာသာ တိုးတက်လာတဲ့ စွမ်းဆောင်ရည်တွေနဲ့အတူ ပြင်သစ်ထုတ် အဆိုပါ ကားလေးက ယခင်ထက်စာရင် ပိုပြီး ကျစ်ကျစ်လစ်လစ် အသွင်ရှိတဲ့ Hatchback တစ်စီး အဖြစ်ကိုလည်း မြင်လာရပြီ ဖြစ်ပါတယ်။ အဆိုပါကားမှာ တပ်ဆင် ထားတဲ့ လျှပ်စစ်မော်တာကနေ 156 hp ဒါမှမဟုတ် အဆိုပါ ပမာဏထက် 20 hp လောက် ပိုတဲ့အထိလည်း စွမ်းဆောင် လာနိုင်တော့မှာပါ။ ဒါ့ပေမယ့် ကားရဲ့ Torque ပမာဏ ကတော့ 191 lb-ft ရှိတာကြောင့် ယခင် ကားအဟောင်းနဲ့ အတူတူပဲ ဖြစ်ပါတယ်။ စွမ်း ဆောင်ရည်ပိုင်းနဲ့ ပတ်သက်လို့ Range အပြင် သိသိသာသာ ပြောင်းလဲလာခဲ့တာက မြန်နှုန်းဖြစ်ပြီး ယခင်တုန်းက တစ်နာရီ ၆၂ မိုင် အမြန်နှုန်းတင်ဖို့ လိုအပ်ခဲ့တဲ့ ၈.၁ စက္ကန့် ပမာဏထက် ပိုတိုတောင်းလာခဲ့တယ်လို့ သိရပါတယ်။

Photo Credit: motor 1.com

စွမ်းဆောင်ရည်ပိုင်း ၁၅% လောက် ပိုကောင်းလာတဲ့ အဆိုပါ ကားလေးရဲ့ ဘက်ထရီကလည်း 400-V နဲ့ အသစ်ဖြစ်လာ ခဲ့ပြီး 48.1 kWh ပမာဏလောက် အထိ အသုံးပြုနိုင်မှာပါ။ ဒါကြောင့်လည်း ကားရဲ့ Range က ၁၀.၅%  လောက်အထိ ပိုတိုးတက်လာတာဖြစ်ပြီး WLTP Cycle စံအရ ဆိုရင် တစ်ခါ အားအပြည့်သွင်းထားရုံနဲ့ ၂၄၉ မိုင် လောက်အထိ အေးဆေး မောင်းနှင်နိုင်တော့မှာပဲ ဖြစ်ပါတယ်။ အခုနှစ်ရဲ့ ဥရောပဈေးကွက် အတွင်း Electric B-Segment ကားတွေ ထဲ အဆိုပါ e-208 ကားလေးက ရောင်းအားအကောင်းဆုံး ဖြစ်ထားတယ်လို့လည်း  ကုမ္ပဏီဘက်က ဆိုထားပြီး အခု 2023 Model အသစ်နဲ့အတူ ပိုကောင်းတဲ့ ရောင်းအား ကို မြှင့်တင်နိုင်ဖို့လည်း ကုမ္ပဏီက ယုံကြည်နေပါတယ်။ ကားရဲ့ စွမ်းအင်သုံးစွဲနှုန်းက အစ ၆၂ မိုင်နှုန်းမှာ 12 kWh ပမာဏ လောက်ပဲရှိတာဖြစ်ပါတယ်။ ကားကိုစပြီး မိတ်ဆက်ခဲ့တဲ့ ၂၀၁၉ နှစ်ကုန်ပိုင်း လောက်က တည်းက မူလကားနဲ့ ယှဉ်မယ်ဆိုရင်တော့ အခု ကားသစ်ဟာ Range အပိုင်းမှာ ၁၇.၆၅ % အထိ တိုးတက်လာခဲ့ပြီး စွမ်းအင်ချွေတာမှု အပိုင်းကလည်း ၁၅ % လောက်ကို လျော့ကျသွားတာပါ။

Photo Credit: motor 1.com

အခု 2023 Model အသစ်မှာတော့ ယခင် ကားအဟောင်းရဲ့ နည်းပညာ တစ်ချို့ကို အပြောင်းအလဲတွေ လုပ်ထားခဲ့ ပါသေးတယ်။ အထူးသဖြင့် ကားမှာပါလာတဲ့ Heat Pump ကို ကားရဲ့ အရှေ့ လေကာမှန် အပေါ်မှာ တပ်ဆင်ထားတဲ့ စိုထိုင်းဆ တိုင်းတာတဲ့ Sensor နဲ့တွဲကာ အတူတူ အလုပ်လုပ်စေတာပဲ ဖြစ်ပါတယ်။ အဆိုပါ စနစ်ကနေ တစ်ဆင့် ကားရဲ့ အပူပေး စနစ်နဲ့ လေအေးပေး စနစ်တို့အတွက် စွမ်းအင်ဘယ်လောက် သုံး မယ်ဆိုတာကို အလိုအလျောက် ချိန်ညှိနိုင်တာ ဖြစ်ပါတယ်။ ကားဘီး‌တွေကလည်းခပ်နိမ့်နိမ့် လမ်းတွေမှာပါ အဆင်ပြေစေမယ့် ၁၆ လက်မ အရွယ် ဘီးတွေကို တပ်ဆင်ပေးလာပြီး Gearbox ကိုလည်း မြို့ပြင်လမ်း တွေ အတွက်ပါ ပိုကောင်းအောင် ပြင်ဆင်ပေးထား သေးတာ တွေ့ရမှာပါ။ ကားသစ်ရဲ့ ဘက်ထရီပိုင်းကတော့ 100 kW အထိ အားသွင်းနိုင်ပြီး SOC ကလည်း ပိုကောင်းလာတာကြောင့် ၂၅ မိနစ် အတွင်းမှာတင် ၂၀% ကနေ ၈၀% အထိ အားပြည့်အောင် သွင်းပေးနိုင်ပါလိမ့်မယ်။ ဒါ့အပြင် ဘက်ထရီစွမ်းဆောင်ရည် ပိုကောင်းတာကို လိုချင်သေးတယ် ဆိုရင်တော့ Brake Mode ကို သုံးလို့ရသေးပြီး အဆိုပါ Mode နဲ့ ဆိုရင်တော့ လီဘာကို လွှတ်ထားလိုက်တာနဲ့ စွမ်းအင် ပြန်လည်ချွေတာပေးတဲ့ ပုံစံ အလုပ်လုပ်မှာ ဖြစ်ပါတယ်။ Peugeot ကတော့ အဆိုပါ e-208 ကားသစ်တွေကို လာမယ့် ၂၀၂၃ ထဲမှာပဲ စတင် ရောင်းချသွားမယ်လို့ အတည် ပြုထားပြီး ဖြစ်ပါတယ်။

Ref: motor 1.com