တကယ်လို့ Nissan Maxima ဆိုတဲ့ ကားကို မကြားဖူးသေးဘူး ဆိုရင်တော့ အခုတစ်ခေါက်က ကြားရမြင်ရဖို့ အခွင့်အရေးကောင်း တစ်ရပ်ပါပဲ။ ကားက အခု 2023 Model အသစ်တွေမှာ အရင်ကထက် ဈေးတက် လာခဲ့ပေမယ့် ရှေ့လျှောက် ထပ်တက်ဖို့လည်း မရှိတော့ပါဘူး ၊ အကြောင်းကတော့ ကားသစ် ဟာဆက်လက် ထုတ်လုပ်ဖို့ အတွက် မရှိတော့ပဲ အခုနှစ်က နောက်ဆုံးဖြစ်နေလို့ပါပဲ။ အခု နှစ်ကုန်မှာ ထုတ်လုပ်မှု ရပ်ဆိုင်းတော့မယ့် အဆိုပါ ကားအတွက် နောက်ဆုံးနှစ်မှာတော့ အပြောင်းအလဲ ကြီးကြီးမားမား မရှိလာခဲ့ပဲ Nissan Logo ကိုမှ ပိုပြီးရိုးရှင်းတဲ့ အသွင်အပြင် တွေနဲ့ မြင်လာရပါတယ်။ Range အမြင့်ဆုံး Platinum Trim ကတော့ ပိုကောင်းလာခဲ့ပြီး Semi-Aniline လယ်သာ ထိုင်ခုံတွေနဲ့ Illuminated Kick Plates တွေကိုလည်း ထည့်သွင်းလာခဲ့တာ တွေ့ရပါတယ်။

Photo Credit: motor 1.com

Trim Level တွေအကုန် ဈေးတက်လာခဲ့ပြီး Base Maxima SV က $ 39,235 နဲ့ Midrange Maxima SR က $ 44,395 တို့ အသီးသီး ရှိလာခဲ့ပါတယ်။ မနှစ်ကထက် စာရင် $ 300 လောက် ဈေးတက်လာခဲ့ပေ မယ့် Range အမြင့်ဆုံး Platinum Trim ကတော့ $ 1,100 အထိကို ဈေးပိုတက်ကာ အခုဆိုရင် $ 45,345 ကနေ စတင်လာခဲ့ပါပြီ။သက်တမ်း ၄၂ အကြာအထိကို ရပ်တည်လာခဲ့တဲ့ Sedan တစ်စီး အတွက်ကတော့ တိတ်တဆိတ် ဇာတ်သိမ်းရတော့မယ်လို့ ဆိုနိုင်ပါတယ်။ အဆိုပါ ကားကို ၁၉၈၁ ခုနှစ် ကတည်းက Datsun Maxima အနေနဲ့ စတင် အသက်သွင်းလာခဲ့တာ ဖြစ်ပြီး Rear-Wheel Drive ၊ Inline-Six Engine တွေနဲ့ ပွဲထုတ်ခဲ့တာပါ။ ၁၉၈၅ ဒုတိယမြောက် မျိုးဆက် အရောက်မှာ တော့ Nissan တံဆိပ်နဲ့အတူ V6 Engine စသုံးပြီး Front-Wheel Drive လည်း ပါဝင်လာ ခဲ့ပါတယ်။ နောက်ပိုင်း Maxima တွေကိုလည်း အဆိုပါ အချိုးအစားတွေအတိုင်း ဆက်လက် အသုံးပြုလာခဲ့ပြီး လက်ရှိကားမှာ ဆိုရင်တော့ 300 hp အထိကို စွမ်းဆောင် နိုင်မယ့် 3.5 Liter V6 Engine ပါဝင်လာ ခဲ့ပြီ ဖြစ်ကာ Front-Wheel Drive စနစ် နဲ့ CVT ဂီယာ တို့လည်း ပါဝင်လာပြီ ဖြစ်ပါတယ်။

Photo Credit: motor 1.com

မြောက်အမေရိက ဈေးကွက်မှာလည်း Maxima ဆိုတာက သမိုင်းကြောင်း ခိုင်မာခဲ့တဲ့ ကားတစ်စီးဖြစ်တယ်လို့ Nissan ရဲ့ ပြောရေးဆိုခွင့်ရသူက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ လာမယ့် ၂၀၂၃ နှစ်လယ် အရောက်မှာ Nissan Maxima ကားတွေကို ထုတ်လုပ်မှု ရပ်ဆိုင်းသွားတော့မှာ ဖြစ်တယ်လို့လည်း ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့မှာ အလုပ်သမားတွေ ၊ ကုန်ကြမ်း ထောက်ပံ့သူတွေနဲ့ အခြားအရောင်းကိုယ်စားလှယ်တွေကိုပါ တရားဝင်အသိပေးခဲ့ပါတယ်။ Nissan ရဲ့ ၂၀၃၀ ရည်မှန်းချက်အရတော့ ကုမ္ပဏီကနေ အသစ်ထွက်လာမယ့် လျှပ်စစ်ကားတွေနဲ့ အဆင့်မြင့်နည်းပညာသုံး ကားတွေကိုဘက်ကိုသာ အာရုံထားတော့မှာဖြစ်ပြီး လာမယ့် ၂၀၃၀ ရောက်ရင်လည်း Nissan ကားတွေရဲ့ ၄၀% က လျှပ်စစ်သီးသန့် ဖြစ်တော့မှာပါ။ ဒါ့အပြင် အခုနှစ် အစောပိုင်းတုန်းကလည်း သူတို့ရဲ့ မစ္စစ္စပီ စက်ရုံကြီးမှာ All-New All Electric လျှပ်စစ်ကားသစ်တွေကို တပ်ဆင်ထုတ်လုပ်သွားဦးမှာ ဖြစ်တယ်လို့ Nissan က ကြေညာခဲ့ပါသေးတယ်။ SUV တွေနဲ့ Crossover တွေ အဓိက လွှမ်းမိုးလာတဲ့ ကားဈေးကွက်အတွင်း Nissan Maxima ကတော့နောက်ဆုံး ရပ်တန့်လိုက်ရ တော့မယ့် Sedan ကားတွေထဲက တစ်မျိုး အပါအဝင် ဖြစ်လာပါပြီ။ လာမယ့် ၂၀၃၀ အရောက်မှာ နာမည်ကျော် Chrysler 300 နဲ့ Dodge Charger တွေကိုလည်း နှုတ်ဆက်ရဖို့ ရှိလာတော့မှာ ဖြစ်ကာ Chevrolet Malibu နဲ့ Hyundai Sonata တို့လည်း ရပ်တန့်တော့မယ်လို့ သတင်းထွက်ထားပါတယ်။ Ford ကတော့ အမေရိကမှာ Sedan တွေ ရောင်းချတာကို နှစ်အနည်းငယ် လောက်ကတည်းက ရပ်တန့်ထားတာဖြစ်ပြီး Toyota Camry နဲ့ Honda Accord တို့ကတော့ ဆက်ပြီး အသက်ဆက်နေဆဲပဲ ဖြစ်ပါတယ်။

Ref: motor 1.com