Mercedes-Benz တို့ကတော့ သူတို့ရဲ့ ကုန်တင်ကားတွေကို ဝယ်ယူအားပေးသွား သူတွေအနေနဲ့ ပုံမှန်အားဖြင့် လမ်းပေါင်းစုံမှာ ခပ်ကြမ်း ကြမ်း သုံးလေ့ရှိကြတယ် ဆိုတာကို သိပြီးဖြစ်နေပါတယ်။ ဒါကြောင့် အခုဆိုရင်လည်း eSprinter EV Van ကားသစ်ကို နှင်းတောထဲမှာ ခပ်ကြမ်းကြမ်း စမ်းသပ်ပေးနေတာ ဖြစ်ပြီး ဘာမှအထူးတလည် ပြန်လည် ဆန်းသစ်စရာ မလိုပဲ အကြမ်းခံနိုင်မယ် ဆိုတာကို ချပြထားပြီ ဖြစ်ပါတယ်။ အဆိုပါ ကားအသစ်ကိုတော့ လာမယ့် ၂၀၂၃ ဒုတိယ နှစ်ဝက်လောက်မှာ စတင် မိတ်ဆက်လာနိုင်ပြီး ကားသစ်ရဲ့ ထူးခြားချက် ကတော့ ရာသီဥတု အရမ်းပူတာ ၊ အရမ်းအေးတာ မျိုးတွေအထိ ခံနိုင်အောင် အတော်လေး ပြင်ဆင်ပေးထားတာကြောင့် အနာဂါတ် Van ကားအသစ်တွေ အတွက်လည်းအားရစရာ ခြေလှမ်းသစ် ဖြစ်လာပါတယ်။ လက်ရှိမှာတော့ အဆိုပါ ကားကို အပူချိန် အနုတ် ၃၀ ဒီဂရီအထိ ခံနိုင်အောင် စမ်းသပ်နေတာ ဖြစ်ပြီး သာမန် ဆောင်းရာသီလောက်ကတော့ အေးဆေး ခံနိုင်မယ့် သဘောမှာ ရှိပါတယ်။
မာစီးဒီးရဲ့ အဆိုအရတော့ လက်ရှိမှာအဆိုပါကားကို အာတိတ်ရေခဲပြင် စက်ဝန်းနဲ့နီးစပ်နေတဲ့ ဆွီဒင်ရဲ့ Arjeplog ဒေသမှာစမ်းသပ်နေတာ ဖြစ်ပြီး အဆိုပါ ရာသီဥတုရဲ့ စိန်ခေါ်မှုတွေအကြား ယာဉ်ကို ထိန်းချုပ်မှုကောင်း မကောင်း ၊ အပူချိန် ထိန်းညှိနိုင်မှု ရှိမရှိ တို့အပြင် Cabin အပိုင်း သက်တောင့်သက်သာ ရှိမှုတွေကိုပါ တစ်ပါတည်း စစ်ဆေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။ အခု စမ်းသပ်ချက်ထဲမှာ ဆိုရင်တော့ အဆိုပါ လျှပ်စစ် Van ကားရဲ့ အသေးစိတ် အစိတ်အပိုင်း တစ်ခုချင်းစီ အထိကို အပြစ်ရှာကြံပြီး စစ်ဆေးသွားဦးမှာ ဖြစ်ပါတယ်။ ဒါတင်မ ကသေးပဲ အပူချိန်နိမ့်တဲ့ အခြေအနေမှာ ကားအစိတ်အပိုင်းတွေ ခံနိုင်ရည်ရှိမရှိ ၊ Software ပိုင်း ကောင်းမကောင်း တို့အပြင် Interface တွေအထိ ကောင်းကောင်း အလုပ်လုပ် နိုင်မနိုင်ကို သေချာစမ်းသပ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် အရေးကြီးတဲ့ တစ်ချက်အဖြစ် အပူချိန်နိမ့်လွန်းတဲ့ အခြေအနေမှာ အားသွင်းမယ့် အနေအထားက ဘယ်လို ဖြစ်လာမလဲ ဆိုတာတွေအထိ အသေးစိတ်လေ့လာသွားမှာပါ။
အဆိုပါ eSprinter ကားသစ်ကို ရောင်းချတဲ့ အခါမှာ ဆိုရင်တော့ Battery ရွေးချယ်စရာ ၃ မျိုး လောက်အထိကို ပေးသွားမှာဖြစ်ပြီး တစ်ခု ချင်းစီကိုလည်း အကြမ်းခံမခံ ကောင်းကောင်း စမ်းသပ်လာဦးမှာ ဖြစ်ပါတယ်။ အခု စမ်းသပ်ချက် ထဲမှာတော့ အဆိုပါ ကားထွက်လာရင် ပါဝင်လာမယ့် ကားရဲ့ကိုယ်ထည် အမျိုးမျိုးတို့ ကိုလည်း အသေးစိတ် စစ်ဆေးသွားမှာပါ။ အဆိုပါ ကားတွေကိုတော့ အမေရိကန်နိုင်ငံ ကယ်ရိုလိုင်းနား တောင်ပိုင်းရှိ Charleston မှာရှိတဲ့ ကုမ္ပဏီရဲ့ စက်ရုံမှာ တပ်ဆင်ထုတ်လုပ်မှာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဂျာမနီနိုင်ငံက Düesseldorf နဲ့ Ludwigsfelde တို့ရှိ စက်ရုံတွေမှာပါ ဆက်လက် ထုတ်လုပ်လာမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အခု လျှပ်စစ် Van ကားအသစ်ကတော့ ဈေးကွက်ထဲက MercedesBenz EV တွေ လွှမ်းမိုးနေမှုကို ဆက်လက် တွန်းအားပေးချဲ့ထွင်သွားနိုင်ဦးမယ့် ကား တစ်မျိုး ဖြစ်လာဦးမှာသေချာနေပါတယ်။
Ref: motor 1.com