၂၀၁၉ ခုနှစ် နှောင်းပိုင်း လောက်မှာ မိတ်ဆက်ခဲ့တဲ့ Lexus UX 300e ကားကိုတော့ Lexus Brand အတွက် ပထမဆုံး လျှပ်စစ်ကားအဖြစ် လူသိများကြပါတယ်။ အဆိုပါ Subcompact Crossover ကားကိုပဲ လျှပ်စစ်နဲ့ မဟုတ်တဲ့ သာမန် အင်ဂျင်နဲ့မျိုးကွဲ တစ်ရပ်ကိုလည်း အခုနှစ် မေလ တုန်းက ချပြခဲ့သေးသလို အခုဆိုရင်လည်း မူလလျှပ်စစ်ကားကို ရုပ်ထွက် ပြောင်းလဲထားတဲ့ Facelifted Version အသစ်ပါ ထွက်ရှိ လာခဲ့ပါပြီ။ အခုနှစ်ထဲ မြင်ခဲ့ရတဲ့ အင်ဂျင် ကားလိုပဲ အခု လျှပ်စစ် ကားသစ်မှာလည်း ဘေးဘက် ၊ အနောက်ဘက်တွေမှာဝရိန်နေရာ ၂၀ အထိကို တိုးပြီး ဖန်တီးပေးထားတာကြောင့် ကိုယ်ထည်ပိုင်း ပိုတောင့်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပိုပြီး အရေးတကြီး တိုးတက်လာတဲ့ အပိုင်းကတော့ ဘက်ထရီဖြစ်ကာ ယခင် 54.4 kWh အစား 72.8 kWh အထိ ရှိတဲ့ ဘက်ထရီကို အစားထိုးလာခဲ့တာပါ။ ဘက်ထရီကြောင့်ပဲ ကားရဲ့ စွမ်းဆောင်ရည်က ယခင် ပထမဆုံးကားနဲ့ ယှဉ်ရင် ၄၀% လောက်အထိ တိုးတက်လာတာတွေ့ရပါတယ်။ ဒါ့အပြင် တစ်ကြိမ်အားသွင်းရုံနဲ့ မိုင် ၂၈၀ လောက် အထိကို မောင်းနှင်လာနိုင်တော့မှာ ဖြစ်ပြီး ယခင်တုန်း ကတော့ ၂၅၀ မိုင် ပမာဏ လောက်ပဲ ရထားခဲ့တာဖြစ်လို့ ဒီ အပိုင်းမှာလည်း တိုးတက်လာ ခဲ့ပြန်တာပါ။

Photo Credit: motor 1.com

ကားသစ် မှာတော့ အနောက်ဘက် Dampers တွေကို Yamaha အမျိုးအစားတွေ ထည့်ပေးထားပြီး စတီယာတိုင် ကို လည်း ယခင်ထက် ပိုကောင်းအောင် ပြင်ဆင်ပေးထား ပါသေးတယ်။ အဓိက ကတော့ လျှပ်စစ် စွမ်းအင်နဲ့ ပိုမို လိုက်ဖက် အဆင်ပြေစေမယ့် Shock Absorber တွေကို ပြောင်းသုံးလာ ခဲ့တာပါပဲ။ ဒီဇိုင်းပိုင်းတွေ အရတော့ သာမန် အင်ဂျင်သုံး 2023 UX Model ဆီက ပုံစံသစ် တစ်ချို့ကိုပြန်လည် ယူဆောင် လာပေးထားပါတယ်။ လျှပ်စစ်မော်တာ ကိုမှ 201 hp နဲ့ 221 lb-ft Torque အထိကိုစွမ်းဆောင်ရည် ရှိထားတာဖြစ်ပြီး ပေါင် ၄,၂၀၀ လောက်အထိ လေးတဲ့ ကားရဲ့ အလေးချိန်နဲ့ယှဉ်ရင်တော့ စွမ်းဆောင်ရည် အတော် လေးကောင်းတယ်လို့ ဆိုရမှာပါ။

Photo Credit: motor 1.com

အတွင်းခန်း မှာတော့ Lexus ရဲ့ ၁၂.၃ လက်မ အရွယ် Infotainment Touchscreen ကိုမှ ရုပ်ထွက်ကောင်းကောင်း နဲ့ ထည့်ပေးထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်ခုံနေရာချတဲ့ ခလုတ်တွေကိုလည်း ယခင်က Center Console ရဲ့ဘေးဘက် ထိုင်ခုံကြားမှာ ထည့်ပေးထားခဲ့ပေမယ့် အခုကားမှာတော့ ဂီယာနဲ့ အောက်ညာဘက် ပိုလက်လှမ်း မီတဲ့နေရာကို ရွှေ့ထားပေးတာ ဖြစ် ပါတယ်။ ဘေးဘက်က ခွက်တင်တဲ့ နေရာနားမှာလည်း USB C အပေါက် ၂ ပေါက် ပါဝင်‌ပြီးဘေးမှာ လည်းကြိုးမဲ့ အားသွင်းဖို့နေရာ ပါပါသေးတယ်။ ဒါတင်မကသေးပဲ LED Ambient Lighting တွေကိုလည်း ကားရဲ့ အမိုးအထိပါ ရနိုင်သလို Lexus ကတော့ အတွင်းခန်း တိတ်ဆိတ်နေဖို့နဲ့ အပြင်ဘက်က ဆူညံသံတွေကို ခွဲခြားပေးနိုင်မယ့် အသံစနစ်ကိုလည်းထည့်ပေးထားတယ်လို့ ဆိုထားပါတယ်။ ဘယ်လိုပဲပြောပြော အခုလာမယ့် နွေဦးမှာ ဥရောပ ဈေးကွက် ထဲ စ‌တင်ရရှိမယ့် အဆိုပါ လျှပ်စစ်ကားသစ် တွေမှာ ဘက်ထရီ ပမာဏ ၂ ဆ လောက် တိုးတက်သွားတာနဲ့ တော်တော်လေး အဆင်ပြေနေပြီလို့ ဆိုလို့ရပါတယ်။

Ref: motor 1.com