ပြီးခဲ့တဲ့ နှစ် ဩဂုတ်လ တုန်းကတော့ Land Rover Defender ထိုင်ခုံ ၃ တန်းပါ ကားတစ်စီးကို စတင်ကာ စမ်းသပ် နေတာတွေ မြင်တွေ့ ခဲ့ရဖူးပါတယ်။ အဆိုပါကားကို မြင်လိုက်ရကတည်းက ဗြိတိန်ရဲ့ အကောင်းဆုံးသော လမ်းကြမ်း မောင်း ကားကုမ္ပဏီကြီးဟာ အခုဆိုရင် တော့ ယခင်ကထက်စာရင် မိသားစုစီးတွေ အတွက် ပိုအဆင်ပြေမယ့် ဇိမ်ခံ ကားတွေ ဘက်ကို ကူးလာတာ သတိထား မိခဲ့ကြပါတယ်။ အခုဆိုရင်တော့ အဆိုပါ Defender 130 ကားသစ် တရားဝင် ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပြီး ခရီးသည် ၈ ဦးအထိ ဆံ့ကာ၊ လျှပ်စစ်စွမ်းအင် ပေါင်းစပ်ထားတဲ့ အင်ဂျင် ၂ လုံး အထိ ကိုလည်း ရွေးချယ်နိုင်အောင် ထည့်ပေးလာတာ တွေ့ရမှာ ဖြစ်ပါတယ်။ ကားရဲ့ Trim တွေ အနေနဲ့ တော့ S ၊ SE ၊ X-Dynamic SE ၊ X Trim level တွေနဲ့ အတူ First Edition Model တွေနဲ့ပါ ပွဲထွက်လာတာပါ။ အဓိက ကတော့ Defender ကားတွေရဲ့ သမိုင်းမှာ အရှည်ဆုံး ကားတစ်စီးဖြစ်လာခဲ့ပြီး ကားရဲ့ အနောက်ဘက်ကို ၁၃.၃၈ လက်မအထိ ပိုရှည်အောင် ဖန်တီး လာခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကားပေါ်မှာ ၃ ခုမြောက် ထိုင်ခုံတန်းကို ကျယ်ကျယ် လေး ထည့်ပေးလိုက်နိုင်တာဖြစ်ပြီး ရှေ့ဆုံး မှာ ၂ ယောက် ၊ အလယ်တန်းမှာ ၃ ယောက် နဲ့ နောက်တန်းမှာ ၃ ယောက် ထိုင်လို့ရမယ့် ကားပုံစံ ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် အနောက်က ခရီးသည် ပစ္စည်းတင်တဲ့ နေရာကိုလည်း ပိုရှည်အောင် လုပ်နိုင်ခဲ့တာကြောင့် ထိုင်ခုံတွေကိုသာ ခေါက်ထားလိုက်ရင် ၂,၂၉၁ လီတာ ပမာဏ လောက်အထိ တင်ဆောင် နိုင်မှာ ဖြစ်ကာ သာမန် နောက်ဆုံးတန်း လောက်ပဲ ခေါက်မယ်‌ဆိုရင်တောင် ၁,၂၃၂ လီတာ အထိ ပစ္စည်းတင်နိုင် မှာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

Land Rover ကတော့ နောက်ဆုံး ခုံတန်းက ဆိုရင် အရွယ်ရောက်ပြီးသား ခရီးသည် ၃ ယောက် လောက် ကောင်းကောင်း ကျယ်ကျယ် ဝန်းဝန်း ထိုင်နိုင်ပြီး အမိုးလည်း ခပ်မြင့်မြင့်နဲ့ လွတ်လွတ်ကင်းကင်း စီးနိုင်မယ် လို့ ဆိုထား ပါတယ်။ ထိုင်ခုံတန်း တစ်တန်းစီ အတွက် လေသန့်စင်စနစ် ပါသလို အပူ‌အအေးကိုလည်း ကားအတွင်း လေးပိုင်းခွဲ ကာ ခံစားလို့ရအောင် သီးသန့်ဖန်တီး ပေးထားပါတယ်။ နောက်ဆုံး ထိုင်ခုံတန်းထဲကို ဝင်ဖို့ဆိုရင်လည်း ဒုတိယ ထိုင်ခုံ တန်းကို ခေါက်ပြီး ရွှေ့လိုက်ရုံနဲ့ရတာကြောင့် တော်တော်လေးကို လွယ်ကူတာဖြစ်ပြီး ပစ္စည်းတွေ ထည့်ဖို့ ဆိုရင်လည်း တံခါးကို ခလုတ်လေး တစ်ချက်တည်းနဲ့ အလိုအလျောက် အဖွင့်အပိတ် လုပ်ထည့်နိုင် ဦးမှာပါ။ ကားမှာ နဂိုပါဝင် လာတာ ကတော့ ၁၀.၂၅ လက်မ အရွယ် Infotainment Screen ဖြစ်ပြီး ၁၁.၄ လက်မ အရွယ် Instrument Cluster ကိုလည်း ထည့်ပေးထားပါသေးတယ်။ အခု ကားမှာမှ စတင် ပါဝင်လာတဲ့ Cabin Air Purification လေသန့်စင်စနစ် ဟာ ဆိုရင် သေးငယ်လွန်းတဲ့ ဖုန်မှုန့်တွေ၊ မမြင်ရနိုင်တဲ့ ရောဂါပိုးမွှားတွေနဲ့ အနံ့အသက်တွေ အထိကို ဖယ်ရှားပေးနိုင် မှာပဲ ဖြစ်ပါတယ်။ ကားမှာတော့ အရောင်အသစ် ပေါင်းစပ်မှုတွေအပြင် Trim level အသစ်တွေ ကလည်း ကား အတွက် သီးသန့် အနေနဲ့ ရလာတာကို တွေ့ရမှာပါ။

Photo Credit: motor 1.com

အင်ဂျင်ပိုင်း ကတော့ အဆိုပါ ကားသစ်ကို အမေရိက အတွက်ဆိုရင် လျှပ်စစ်စွမ်းအင် ပေါင်းစပ် ထားတဲ့ ဂတ်စ် အင်ဂျင် ၂ မျိုးနဲ့ ရနိုင်မှာပါ။ ဒါပေမယ့် V 8 Engine တွေတော့ မဟုတ်တော့ပဲ P 300 ဆိုတဲ့ Base Model မှာ ဆိုရင်တော့ 3.0 Liter Mild-Hybrid Turbocharged Engine ကို သုံးထားပြီး 296 hp နဲ့ 347 lb-ft Torque အထိကို ရှိထားမှာပါ။ အဆိုပါ ကားပေါ်မှာတော့ P 400 ဆိုတဲ့ နောက်ထပ် မော်ဒယ်မြင့် တစ်မျိုး ရှိပြီး Six-Cylinder Engine နဲ့အတူ 395 hp နဲ့ 406 lb-ft Torque အထိ စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Defender ကားသစ်တိုင်းမှာ ဆိုရင် Land Rover ရဲ့ All-Wheel Drive စနစ်နဲ့ Eight-Speed Automatic Transmission စနစ်တွေကို ထည့်ပေးထားမှာ ဖြစ်ပြီး Air Suspension စနစ်နဲ့ Terrain Response စနစ်တွေ ကိုပါ တစ်ပါတည်း အသုံး ပြုသွား နိုင်မှာပါ။ သာမန် လမ်းအပြင် လမ်းကြမ်းပိုင်းကိုပါ သွားလို့ရတဲ့ ကားဆိုတာကတော့ Defender 130 ကား အကြောင်းသိကြတဲ့ သူတိုင်းအတွက် တော့ မထူး ဆန်းတော့ ပါဘူး။ ဒါ့အပြင် ကားအနေနဲ့ အနောက်က နေ ၈,၂၀၀ ပေါင် လောက် အထိ အလေးချိန် ရှိတဲ့ အရာတွေကိုပါ ဆွဲနိုင်တဲ့ အားရှိ ကာ အမြင့်ဆုံး ကုန်တင်နိုင်တဲ့ အလေးချိန် ကတော့ ၁,၇၆၀ ပေါင်ပဲ ဖြစ်ပါတယ်။ တကယ်လို့ အခုကားကို မောင်းနေတဲ့ အနေအထားနဲ့ မြင်လိုက်မယ် ဆိုရင်တော့ အမြင့်ဆုံး Roof Load အလေးချိန်မှာ တင် ၃၆၀ ပေါင် အထိ ရှိနိုင်သလို ရပ်ထားမယ့် အခြေအနေမှာ ဆိုရင် တော့ ၆၆၂ ပေါင် အထိ ရှိနိုင်ပါတယ်။ အခု ဆိုရင် အဆိုပါ Defender ကားသစ်ကြီးတွေ ကတော့ အမေရိက ဈေးကွက်ထဲမှာ $ 68,000 ကစလို့ ဝယ်ယူနိုင်နေပြီပဲ ဖြစ်ပါတယ်။

Ref: motor 1.com