တောင်ကိုရီးယား နာမည်ကြီး ကားကုမ္ပဏီ Hyundai ရဲ့ ကားအသစ် Lineup တွေ ဘယ်လို ပြောင်းလဲလာ မလဲဆိုတာ အတိအကျမသိရသေးပေမယ့်လည်း မျိုးဆက်သစ် Kona ကို ချပြလာတော့မယ်ဆိုတာကတော့ သေချာတဲ့အချက် ဖြစ်ပါတယ်။ အဆိုပါ Crossover တကယ်တမ်း ထွက်ပေါ်လာရင်လည်း လုံးဝ ဒီဇိုင်း ပြောင်းလဲထားဖို့ မျှော်လင့် ထားကြပြီး ပိုကြီးတဲ့ အပြင်ပိုင်းနဲ့ ပိုကျယ်တဲ့ အတွင်းခန်းတို့ ဖြစ်လာဖို့လည်း ရှိ နေတာပါ။ အခု ကားသစ်ကိုတော့ အခုနှစ် မကုန်ခင်မှာပဲ တရားဝင် ပွဲဦးထွက် အဖြစ် စတင်ချပြလာနိုင်ပြီး လအနည်းငယ်လောက်တော့ စောင့်ရဦးမယ့် ပုံပေါက် ပေမယ့်လည်း အခုတော့ တရားဝင် ဒီဇိုင်းပုံကြမ်း တစ်ချို့ကို စတင် မြင်တွေ့လာရပြီပဲ ဖြစ်ပါတယ်။ ကားသစ် တွေရဲ့ ဒီဂျစ်တယ် ပုံရိပ်တွေကို ချပြနေကြဖြစ် တဲ့ Motor.es ကပဲ အခု မျိုးဆက်သစ် Kona ရဲ့ ပုံရိပ်ကို ဖန်တီး လာခဲ့တာဖြစ်ပြီး ယခင် မြင်ထားရတဲ့ Spy Shots တွေအပေါ် အခြေခံ ထားတာလည်း တွေ့ရမှာပါ။ ပုံစံကတော့ ကားရဲ့ အပြင်ပိုင်းက ကြည့်တာနဲ့တင် ယခင်ထက် ပိုကြီးတဲ့ အချိုးအစားကို မြင်လာရပြီး Kona က ဒီအတိုင်းသာ ဆိုရင် ယခင်မျိုးဆက်ထက် ပိုပြီး ရင့်ကျက်တဲ့ အသွင်ကို တွေ့လာရပြီလို့ပဲ ဆိုရတော့မှာပါ။

Photo Credit: motor 1.com

တကယ်ကတော့ ဒီကားထွက်လာပြီဆိုရင်လည်း အများကြီး အံ့အားသင့်စရာ မကောင်းတော့ပါဘူး။ အကြောင်းကတော့ Hyundai အနေနဲ့ ဥရောပဈေးကွက်ထဲမှာ Bayon ဆိုတဲ့ Crossover ကားလေးကို ရောင်းချနေတာ ဖြစ်လို့ ပါပဲ။ အဆိုပါ Bayon နဲ့ Kona တို့အကြား ကွဲပြားစေဖို့ အတွက် Kona ကို တစ်စီး လုံး အနေအထားအရ ပိုပြီး ကြီးမားစေဖို့အတွက် ပြင်ဆင်လာနိုင်သလို ပိုပြီးဇိမ်ကျနိုင်တဲ့ Cabin အတွင်းပိုင်း အဖြစ်လည်း ဖန်တီးပေးထားဖို့ ရှိပါတယ်။ ဒါပေမယ့် အများကြီး အဆင့်မြင့်တဲ့ Premium အဆင့်ကိုတော့ မှန်းလို့မရသေးတာ အမှန်ပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် 2023 Kona ကတော့ လက်ရှိကားမော်ဒယ်မှာ မပါဝင်ထား သေးတဲ့ ကောင်းတဲ့ အချက်အတော်များများ ပါဝင် လာတော့မှာ သေချာပါတယ်။

Photo Credit: motor 1.com

ဒါပေမယ့် အင်ဂျင်ပိုင်းကတော့ အများကြီး ပြုပြင်ပြောင်းလဲ လာတာမျိုး မဖြစ်နိုင်သေးပဲ ယခင် 1.6 Liter Turbocharged Gas Engine ကိုပဲ ထည့်ပေးလာနိုင်ပါတယ်။ Kona ကားရဲ့ ပိုစွမ်းဆောင်ရည်မြင့်တဲ့ N Version ပါ ထပ်ထွက်လာမလား ဆိုတာကတော့ မသေချာသေးပဲ မျိုးဆက်သစ်အနေနဲ့တော့ ထွက်လာဖို့ မျှော်လင့်ရတာပဲ ဖြစ်ပါတယ်။ Kona ကိုမှ လျှပ်စစ်ကား အနေနဲ့ ဆိုရင်တော့ လုံးဝကို ဒီဇိုင်း ပြောင်းလာဖို့က ပိုဖြစ်နိုင်ပြီး Range ပိုများတဲ့ စွမ်းဆောင်ရည်မြင့် လျှပ်စစ်ကား တစ်စီးလည်း ဖြစ်လာနိုင်ပါတယ်။ လက်ရှိ အချိန်အထိတော့ အဆိုပါ Kona ကားသစ်အတွက် တရားဝင် ထုတ်ပြလာမယ့် နေ့ရက်ကို အတိအကျ မသိရ သေးပဲ Camouflage ခပ်များများအုပ်ကာ ကားသစ်ကို စမ်းသပ်နေ‌ဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်တာက တော့ ကားသစ်ကို အခုနှစ်ရဲ့ တတိယမြောက် သုံးလ ပတ် ကာလ မတိုင်ခင် ထွက်လာဖို့မဖြစ်နိုင်သေးပဲ နှစ် ကုန် ပိုင်းလောက်မှသာ ဖြစ်လာနိုင်ကာ အမေရိက ဈေးကွက် အထိ ရောက်မရောက် ဆိုတာကတော့ မသေ ချာ သေးတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com